ကျောက်ကြီးမြို့နယ်ထဲက ဒေသခံ ၁၈,၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီလိုအပ်နေ

ကျောက်ကြီးမြို့နယ်ထဲက ဒေသခံ ၁၈,၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ KNU ထိန်းချုပ်နယ်မြေထဲက လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ ဒေသခံ ၁၈,၀၀၀ ကျော် ရေဘေးသင့်နေပြီး အကူအညီလိုအပ်နေတယ်လို့ ဇူလိုင် ၂၉ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်လာပါတယ်။

ဇူလိုင် ၂၅ ရက်ကစပြီး ရေကြီးနေလို့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာပေါင်း ၄၁ ရွာက ဒေသခံ ၁၈,၀၀၀ ကျော် ရေဘေးသင့်နေပြီး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဆိုထားပါတယ်။

မြစ်ချောင်းတွေက ရေကြီး၊ ရေလျှံမှုကြောင့် ကျေးရွာတွင်းရှိနေအိမ်တွေ ရေမြှုပ်ခဲ့ရပြီး သိုလှောင်ထားတဲ့ ဆန်၊ စပါးနဲ့ ထင်း၊ မီးသွေးများ ရေစိုပျက်စီးခြင်းကြောင့် အစားအစာနဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲကြုံနေရ ခြင်း၊ ကျွဲ၊ နွားတိရိစ္ဆာန်တွေ သေဆုံးခြင်းနဲ့ နေစရာမရှိတာတွေဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လမ်းတံတား၊ ရေတမံတွေ ကျိုးကျပျက်စီးတာတွေကြောင့် ကျေးရွာတွေမှာ ရေလွှမ်းမိုးတာ၊ စပါးခင်း တွေ ပျက်စီးတာ၊  စာသင်ကျောင်းတွေ ပိတ်ပင်ရတာ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကျန်းမာ ရေးကုသမှု မရရှိတာနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ အခက်အခဲတွေလည်း ကြုံနေ ကြရပါတယ်။

မုန်းမြို့နယ်မှာလည်း  ရေနစ်မြုပ်တဲ့ကျေးရွာ စုစုပေါင်း ၅၇ ရွာရှိပြီး ဇူလိုင် ၂၅ ရက်မှာ  ရေကြီးရေလျှံမှုကြောင့် မြောင်းဦးကျေးရွာမှ ၄ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးခဲ့ရပါတယ်။

ရွှေကျင်(ဆောထိ)မြို့နယ်မှာလည်း ကျေးရွာစုစုပေါင်း ၃၂ ရွာရှိသည့်အနက် ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာနဲ့ ကောက်မယ့်သူကျေးရွာ စတဲ့ကျေးရွာတွေက ရေဘေးဒဏ်နဲ့ စစ်ဘေးဒဏ်ပါ ကြုံတွေ့နေရ တဲ့အတွက် အသက်ဘေးလွတ်ရာသို့ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်က ရေဖြူကန်ကျေးရွာမှ ချုံအင်းကျေးရွာနဲ့ကောက်မယ့်သူ ကျေးရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ  ချုံအင်းကျေးရွာမှ (၃၃)နှစ်အရွယ် နော်ဆဲလာဖော လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သလို ကောက်မယ့်သူကျေးရွာမှ ၂၁ နှစ်အရွယ် နော်မီးမီးဆိုသူမှာလည်း လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

နေအိမ်တွေ ရေနစ်မြှုပ်တာနဲ့ ကျွဲနွားတိရိစ္ဆာန်တွေ သေဆုံးရတဲ့ အရေအတွက်စာရင်းတွေကို ဆက်လက် ကောက်ခံနေဆဲဖြစ်ပြီး ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)အတွင်းရှိ ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်လျှက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #KNU #လယ်ဒို #ကျောက်ကြီး #ရေဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10