ကျောက်ကြီးမှာ ကယ်ဆယ်ရေးမရောက်သေးတဲ့ ရေဘေးသင့်ရွာ ၅ ရွာခန့် သောက်ရေနဲ့အစားအစာလိုအပ်နေ

ကျောက်ကြီးမှာ ကယ်ဆယ်ရေးမရောက်သေးတဲ့ ရေဘေးသင့်ရွာ ၅ ရွာခန့် သောက်ရေနဲ့အစားအစာလိုအပ်နေ

■ ရက်ရှည်အကူအညီမရောက်ခဲ့ရင် အစာနဲ့ ရေပြတ်လပ်နိုင်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာ ၅ ရွာလောက်မှာ ကယ်ဆယ်ရေးတွေမရောက်သေးလို့ ရေနဲ့အစား အသောက်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တောင်းမြစ်ရေကြီးတာဟာ ၅ ရက်လောက်ရှိလာပေမယ့် ကျောက်ကြီးမြို့နယ်ထဲက ဒိုးတန်း၊ အင်ကြင်းကုန်း၊ နွယ်တန်း၊ သောင်လယ်၊ နန်ပကျစ်ကျေးရွာတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်လာသေးတာကြောင့် အစားအသောက်နဲ့ သောက်ရေပြတ်လပ်နေပြီး အကူအညီအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

"အစားအသောက်နဲ့ရေအခက်ခဲဖြစ်တယ်။ ရေကလည်းချိုးမရ သောက်မရ။ မြေကြီးတွေချည်းပဲ ပြစ်တွဲနေတာ။ ရှိတာလေးတွေမျှစားနေကြရတယ်။ ငါးခြောက်ရှိတဲ့သူက ငါးခြောက်နဲ့၊  ပဲရှိတဲ့သူကပဲနဲ့စား။ တထပ်အိမ်တွေကမြုပ်တော့ နှစ်ထပ်အိမ်တွေပေါ်တက်နေ။ စားစရာရှိသူနဲ့မရှိသူကမျှတ စားနေကြရတာ"လို့ ဒိုးတန်းကျေးရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် ယမန်နေ့မှာ ဒိုးတန်းရွာကို ကယ်ဆယ်ရေးအဖွဲ့အချိူ့ အကူအညီရောက်ပေမယ့် ကျန်ကျေးရွာတွေကိုတော့မရောက်ကြသေးဘဲ ရက်ရှည်အကူအညီမရောက်ခဲ့ရင် ပိတ်မိနေတဲ့ဒေသခံတွေမှာ အစားအသောက်နဲ့ရေပြတ်လပ်တာတွေ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာ  ၅ ရွာမှာ အိမ်ထောင်စုပေါင်း ၁၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး အကူအညီရဖို့မျှော်လင့်နေကြကာ လက်ရှိကူညီကယ်ဆယ်ရေးမရောက်သေးတဲ့ကျေးရွာတွေက စစ်တောင်းမြစ်ရေစီးသန်မှူကြောင့် သွားလာရခက်ခဲတဲ့အခြေနေကြုံတွေ့ရလို့ မရောက်လာနိုင်ကြတာဖြစ်နိုင်တယ်လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်ကစပြီး ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေထိုးတက်လာလို့ မြစ်ကမ်းနံဘေးကျေးရွာတွေရဲ့ အမြင့်ပိုင်းနေရာတွေမှာ ရေအမြင့် ၃ ပေ၊ အနိမ့်ပိုင်းတွေမှာ ရေအမြင့် ၆ ပေကျော်အထိ ရေကြီးနစ်မြုပ်နေတာပါ။

မိုးဇလဌာနရဲ့ စက်တင်ဘာ ၁၇ ရက် ဒီကနေ့မနက် ၆ နာရီ ၃၀ မိနစ်အချိန်ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၇၂၉ စင်တီမီတာမှာဆက်လက်တည်ရှိနေပြီး နောက် ၂၄ နာရီအတွင်းမှာ စိုးရိမ်ရေမှတ်အောက်ပြန်မရောက်နိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ - ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာတချို့မှာ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး၊ရေလျှံနေမှုများကို တွေ့ရစဉ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်တောင်းမြစ် #ရေကြီးရေလျှံ #ကျောက်ကြီးမြို့နယ် #သဘာဝဘေး #အစားအသောက် #လိုအပ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10