ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ KNU ရုံးကိုလည်း လေကြောင်းနဲ့ဗုံးကြဲ

ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ KNU ရုံးကိုလည်း လေကြောင်းနဲ့ဗုံးကြဲ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဇွန် ၁ ရက် ဒီကနေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။

မေ ၃၀ ရက်မှာ ခလရ ၃၀၇ တပ်ရင်းမှ နတ်လောင်းကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အသက် ၈ နှစ်အရွယ် မနော်မူးမူးနဲ့ ကိုမောင် ၃၆ နှစ်တို့မှာ နေရာမှာသေဆုံးခဲ့ကာ ဒေါ်သက် ၄၅ နှစ်မှာ ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။

" လက်နက်ကြီးက နေ့တိုင်းလိုလိုပစ်နေကျပဲ။ တိုက်ပွဲမရှိဘဲ PDF နဲ့ KNU တွေရှိမယ်ထင်ပြီး ရွာထဲပစ်ထည့်တာ။ ရွာထဲကို ၂ လုံးကျကွဲခဲ့တာ။ သားအမိ ၂ ဦးနဲ့ အမျိုးသား ၁ ဦးကိုထိမှန်ခဲ့တာ"လို့ ကျောက်ကြီးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လူသေဆုံးတာအပြင် ဒေသခံတွေရဲ့နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မေ ၃၁ ရက်မှာလည်း KNU မြို့နယ်ရုံးတည်ရှိရာ လယ်ထူလူးကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အဦ ၃ လုံးနဲ့ လူနေအိမ် ၁ လုံးပျက်စီးခဲ့ပြီး လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

မေ ၁၂ ရက်ကလည်း ကျောက်ကြီးအခြေစိုက် ခမရ ၄၃၉ တပ်ရင်းမှ သင်္ကန်းကုန်းကျေးရွာထဲကို လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့လို့ ကျေးရွာထဲကျပြီး ရွာခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်တပ် #လက်နက်ကြီး #ပစ်ခတ် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10