ကျွဲတလင်းရွာ လေကြောင်းနဲ့ဗုံးကျဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး ၄ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေပျက်စီး

ကျွဲတလင်းရွာ လေကြောင်းနဲ့ဗုံးကျဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး ၄ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေပျက်စီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူငယ်အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။

သြဂုတ် ၂၆ ရက် မနေ့ ည ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်တိုက်လေယာဉ်တစီးဟာ ကျွဲတလင်းရွာကို လေကြောင်းနဲ့ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၀ အရွယ်အမျိုးသား ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“ မိနစ်ပိုင်းအတွင်းကိုကြဲသွားတာ။ ပထမတကြိမ်ဗုံးကြဲတော့ ပြည်သူတွေရှောင်ရင်းတိမ်းရင်းနဲ့ ရွာပြင်ဘက်ရောက်သွားတယ်။ ရွာပြင်ဘက်ထပ်ကျဲတော့ တယောက်က နေရာမှာတင်ဆုံးသွားတယ်။ ” လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွဲတလင်းရွာ ဘုန်းကြီးကျောင်းအဆောက်အဦတွေနဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဘုရားစေတီတွေ ပျက်စီးခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် ဒေသခံတွေဟာ ကျေးရွာမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“လေယာဉ်နဲ့ လုပ်မှတော့ ပြည်သူတွေက ကြောက်ရွံ့ကြတာပေါ့။ အများစုကတော့ ရှောင်ကြတာပေါ့ ။ စာသင်ကျောင်းကိုလာကြဲတဲ့အခေါက်မှာ ကံကောင်းသွားတာက ညဘက်ဆိုတော့ ကလေးတွထိခိုက်တာတွေမရှိတာ ” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၇ ရက် မနက် ၁၁ နာရီကျော်လောက်မှာလည်း မြင်းခြံ နဲ့ နွားထိုးကြီးအစပ်မှာရှိတဲ့ လက်ဝဲမြင်းနီရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါသေးတယ်။

စာတည်း − ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10