ကြည့်မြင်တိုင်သွေးကြွေး ဆပ်လို့မကုန်ပါ

ကြည့်မြင်တိုင်သွေးကြွေး ဆပ်လို့မကုန်ပါ

လမ်းမနက်နက်ပေါ် သက်မဲ့အရုပ်တွေလို ကစဉ့်ကလျား ပက်လက်လန်လွင့်ထွက်သွားသူတွေနဲ့ စစ်ကားတစီးအောက် တရွတ်ဆွဲပါသွားသူ တယောက်မြင်ကွင်းဟာ ကြည့်လိုက်ရသူအပေါင်းကို မင်သက်အံ့သြသွားစေပါတယ်။ အဲဒီနောက်မှာတော့ နာကျင်ခြင်းတို့ကိုပါ ဆက်တိုက်ခံစားလိုက်ကြရပါတယ်။

ဒါဟာ ရုပ်ရှင်ရိုက်ကွင်းတခုမဟုတ်ပါဘူး။ ဒီဇင်ဘာလရဲ့ နံနက်ခင်းတခုမှာ တကယ်ဖြစ်သွားခဲ့တာပါ။ ပိတ်စကိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတဲ့ လူငယ်တစုကို စစ်အာဏာရှင်ရဲ့တပ်သားတချို့က နောက်ကနေ ကားနဲ့အရှိန်ရှိန်ပြင်းပြင်းဝင်တိုက်ခဲ့တာပါ။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဖြစ်စဉ်ဖြစ်ပွားပြီး မိနစ်အနည်းငယ်မှာပဲ လူမှုကွန်ရက်ပေါ်ပျံ့နှံလာတဲ့ ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေက သက်သေအခိုင်အမာ ပြဆိုခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းခြင်းကိုခံထားရတာ ဆယ်လကျော်ကြာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ယနေ့အချိန်ထိ နေ့စဉ်ဆိုသလို ဆန္ဒပြမှုတွေဟာ ရှိနေဆဲပဲဖြစ်ပါတယ်။ အဲဒီလိုငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတွေထဲမှာ ရန်ကုန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ သွေးမအေးကြတဲ့ လူငယ်ထုဟာ စစ်အာဏာရှင်ကိုတော်လှန်ကြဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေခဲ့ကြတာပါ။

ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု နည်းလမ်းပေါင်းစုံအသုံးပြုနေတဲ့ စစ်ကောင်စီဟာ လမ်းမတွေပေါ်လက်နက်တစုံတရာမပါ ဆန္ဒဖော်ထုတ်တဲ့လူငယ်တွေကိုလည်း အလွတ်မပေးခဲ့သလို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေလုပ်ခဲ့ပါတယ်။

အဲဒီအထဲကမှ ဒီဇင်ဘာလ ၅ ရက်နေ့နံနက်ပိုင်း ကြည့်မြင်တိုင်မြို့၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူငယ်တစုကို နောက်ကနေ စစ်ကားနဲ့လိုက်တိုက်ခဲ့တာပါ။

ဗီဒီယိုဖိုင်တွေမှာမြင်ရတဲ့ မြင်ကွင်းအရ စစ်ကားဟာ ဆန္ဒပြနေတဲ့လူငယ်တွေကြားကို အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်သွားခဲ့ပြီး ရှေ့မှာရှိတဲ့လူမှန်သမျှကို တိုက်သွားတာကြောင့် လူငယ်တွေလွင့်စင်ထွက်ကုန်ပြီး တချို့ကတော့ နေရာမှာပဲ သေဆုံးကုန်ကြတယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့လူငယ်တွေက ဆိုထားပါတယ်။ မကျေနပ်နိုင်သေးတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်တာတွေ ဖမ်းဆီးတာတွေကို ထပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျတော်အမြင်အရတော့ ဒီကိစ္စက လူသတ်ချင်လို့ကို သက်သက်ဝင်တိုက်တာဖြစ်တယ်။ ဆန္ဒပြတာကို ဖြိုခွင်းတာတွေခေါင်းထဲမှာမထားဘူး။ သတ်ချင်တာတမင်သက်သက်ကို ပြည်သူကိုသတ်ချင်လို့ နောက်ကဝင်တိုက်တာလို့ယူဆတယ်။ သက်သေပြစရာတွေအများကြီးရှိတယ် အနောက်ကနေဝင်တိုက်တာ ဘာသတိပေးချက်မှမရှိဘဲ အနားရောက်မှ အရှိန်တင်ပြီးဝင်တိုက်တာဖြစ်တယ်။ ဒါကစစ်ကောင်စီရဲ့ ရည်ရွယ်ချက်လည်းဖြစ်တယ်။ ယာဉ်မောင်းသူကော ဖမ်းသူ ထိန်းသိမ်းသူ အကုန်လုံးသူတို့စိတ်ထဲမှာ တမင်သက်သက်ဒီလူတွေကို မြင်ရင်သတ်ကိုသတ်ရမယ်ဆိုတဲ့ စိတ်ရှိနေတယ်လို့ယူဆတယ်။” လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ဦးဆောင်ခဲ့သူ PYC မှ ကိုစောသီဟ ကပြောပါတယ်။

ဖြစ်စဉ်မှာ လူငယ်တွေသေဆုံးပြီး၊ ဒဏ်ရာရသူများ၊ ဖမ်းဆီးခံရသူများစွာ ရှိတယ်လို့ ဆန္ဒပြရာမှာပါဝင်သူ၊ မျက်မြင်တွေ့လိုက်ရသူများက လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ဖြေကြားဖော်ပြကြပေမယ့် စစ်ကောင်စီကတော့ ကားဖြင့်တိုက်ခြင်း၊ သေနတ်နဲ့ပစ်ခြင်း လူသေဆုံးခြင်း တွေမရှိဘူး ဥပေဒမဲ့ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးထိန်းသိမ်းတယ်လို့ပဲ ဖော်ပြပါတယ်။

အလားတူဖြစ်စဉ်မျိုးတွေဖြစ်ခဲ့ဘူးတယ်ဆိုတာကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကအဲဒီနေ့မှာ ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်ကိုလည်းပြစ်တင်ရှုံ့ချခဲ့ပါတယ်။ NUG ရဲ့လူအခွင့်ဆိုင်ရာဝန်ကြီးဌာနက ပြုစုထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်မှုစာရင်းတွေအရ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတွေကို ယခင်ကကားဖြင့်တိုက်ဖြိုခွင်းတာဖမ်းဆီးတာ စတဲ့ဖြစ်စဉ် ၁၀ ခုရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် လူငယ် ၂ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံးခဲ့ကာ သံဃာတော်တွေအပါအဝင် အများအပြားဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာ မုံရွာမြို့ကသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်လည်း တဦးအပါအဝင်ပါ။

စစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှုများထဲက ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးအောင်မိုးဇော်က “ဒီကလေးတွေကို ရက်ရက်စက်စက် ကားနဲ့တိုက်တယ် အသေဖမ်းသလိုတောင်ဖြစ်တယ်။ အဲဒီလိုကိစ္စမျိုးက ဘယ်လိုမှစဉ်းစားလို့မရဘူး ဒီလိုလုပ်တဲ့ကိစ္စ ကျတော်အနေနဲ့အတော်လေးကို ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ စစ်အုပ်စုကို အပြင်းအထန်ရှုံ့ချတယ်။ ဒီလုပ်ရပ်အတွက် ဒီလိုယုတ်မာမှုမျိုးကို စကားလုံးရှာတာတောင် အတော်ခက်တယ်။” လို့ ပြစ်တင်ပြောဆို လိုက်ပါတယ်။ ယင်းအပြင်ပါတီအနေဖြင့် ထုတ်ပြန်ချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ တောမီးပမာပျံ့နှံခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်သူများ အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့တာပါ။ အမေရိကန်သံရုံးကလည်း ထိတ်လန့်တုန်လှုပ်မိကြောင်း အလားတူ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ပြေဆိုပါတယ်။ နောက်တရက်မှာ UN ကလည်း ကန့်ကွက်သတိပေးစာထုတ်ခဲ့ပါတယ်။ ခပ်ဆိတ်ဆိတ်နေခဲ့တဲ့ AA စစ်ဦးစစ်ချုပ်ကိုယ်တိုင်က လူရိုင်းဆန်ဆန်လုပ်ရပ်လို့ ပြောဆိုကာ ဘယ်လိုမှ မှန်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ သူရဲ့တွစ်တာမှာ ရေးသားလာခဲ့ပါတယ်။

ယခင်က အကြောင်းအမျိုးမျိုးကြောင့်ခပ်ဆိတ်ဆိတ်နေခဲ့ကြသူအများအပြားဟာလည်း သူတို့ရဲလူမှုစာမျက်နှာများမှာ စိတ်မကောင်းကြောင်း၊ ပြစ်တင်ရှုံ့ချကြောင်းတွေရေသားလာခဲ့သလို ဖြစ်စဉ်ကို ပြန်လည်မျှ‌ဝေလာခဲ့ကြပြီး အတန်အသင့်ငြိမ်သက်နေခဲ့တဲ့ မြို့ပြတော်လှန်ရေးတွေဟာလည်း ပြန်လည် အသက်ဝင်ဆူညံလာခဲ့ပါတော့တယ်။

“ဖြစ်စဉ်ကတော့ လုံးဝလူမဆန်တဲ့ဖြစ်စဉ်ပဲ ကျနော်တို့မှာလူသားတ‌ယောက်အခွင့်အရေးတောင်မရှိတော့ တဲ့ပုံစံမျိုး လူဂုဏ်သိက္ခာကိုပုံကျနေတယ် တော်တော်ဝမ်းနည်းစရာကောင်းတယ် တော်တော်စိတ်မကောင်း ဖြစ်ရတယ်။ အခုလည်းကျီးလန့်စာစားနေရတဲ့အဖြစ်မျိုးတွေပဲ အခု UNA ကထုတ်ပြန်ချက်ကို ကြိုဆိုလက်ခံတယ်။ လူသားမဆန်တဲ့လုပ်ရပ်ကိုလုံးဝဆန့်ကျင် ကန့်ကွက်တယ်ပြင်းပြင်းထန်ထန်ရှုံချတယ် လို့ပဲပြောချင်တယ်။” လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဆွေက UNA ကထုတ်ပြန်ချက်ကိုထောက်ခံခဲ့ပါတယ်။

စစ်ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရသူတွေထဲ လိုက်ပါသတင်းရယူနေတဲ့ သတင်းထောက်နှစ်ယောက်လည်း ပါခဲ့ပါသေးတယ်။ သူတို့ကတော့ MPA သတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ဖြစ်ပါတယ်။ သူတိုထဲက အမျိုးသမီးသတင်းထောက်ကတော့ ကားတိုက်ခံရတဲ့ ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ ဆိုကြပါတယ်။

အဲဒီမတိုင်ခင်ကလည်း အာဏာသိမ်းပြီးချိန်ကစလို့ သတင်းဌာနတွေကို ထုတ်ဝေခွင့်ရုတ်သိမ်းခဲ့တာ၊ သတင်းလိုက်ပါရယူခဲ့တဲ့ သတင်းထောက်များကို ဖမ်းဆီးတာ၊ နှိပ်စက်မေးမြန်းတာတွေကို အများအပြားလုပ်ခဲ့ပါသေးတယ်။

ကြည့်မြင်တိုင် ဖြစ်ရပ်ကို လက်စားချေသွေးကြွေးဆပ်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ PDF အဖွဲ့တွေကလည်း တန်ပြန်တိုက်ခိုက်မှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အမျိုးသမီးပျောက်ကျားတပ်ဖွဲ့(Myaung Women warriors) အဖွဲ့က တော်လှန်သောအမျိုးသမီးတဦးကလည်း သတိပေးပြောဆိုမှုလုပ်ခဲ့ပါတယ်။

“လူသားဆန်မှုကင်းမဲ့နေတဲ့ အသိုက်အဝန်းတစ်ခုကို အထူးထွေလုပ်ပြီး ပြောနေမှာတော့ မဟုတ်ပါဘူး။ သို့သော် တာဝန်ယူမှု တာဝန်ခံမှု ကိုတော့ ကောင်းစွာသိနားလည်ဖို့ တန်ပြန်သက်ရောက်မှုကို လက်ခံတက်အောင် ပြင်ဆင်ထားပါ။ သွေးကြွေးမှာ ဆွေးနွေစရာမလို အသက်နှင့်ခန္ဓာတည်နေသ၍ ဖက်ဆစ်စစ်တပ်ကို အမြစ်ပါမကျန် မြေလှန်ပစ်ဖို့ တော်လှန်ရေး အရှိန်တွေ မြှင့်သထက် မြှင့်နေကာ ထိုက်တန်တဲ့ လျော်ကြေးအတွက်သွေးကြွေး ပြန်တောင်းသွားပါမယ်။” လို့ သူမကပြောဆိုပါတယ်။

ကြည့်မြင်တိုင်ဖြစ်စဉ်ဟာ မြန်မာနိုင်ငံလူထုအပေါ်လှုပ်ခတ်နိုင်ဆုံးသော ဖြစ်ရပ်ဖြစ်ပြီး စစ်အာဏာရှင်ရဲ့ မူလဗီဇကိုလည်း ကွင်းလုံးချွတ်ပြလိုက်သလို သိသာမြင်သာစေတဲ့ အကျည်းတန်ဖြစ်ရပ်ဖြစ်ခဲ့ပါပြီ။ မြန်မာစကားပုံတစ်ခုမှာ ဆင်သေကိုဆိတ်သားရည်နဲ့ဖုံးလို့ မရသလို ဗူးပေါ်သလိုပေါ်လာခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် အထိနာသွားတဲ့ စစ်ကောင်စီဟာ ကာလအတန်ကြာအောင် ငြိမ်သက်ခဲ့တဲ့ ညဘက် သံဗုံးတီးတာတွေကိုပါ ထပ်မံရင်ဆိုင်ခဲ့လိုက်ရပြန်ပါတယ်။

“ လိုင်းပေါ်မှာ မြင်လိုက်ရခြင်း အမတို့ရင်ထဲမှာမကောင်းဘူး တနေ့လုံးအဲဒီအကြောင်းပဲ ပြောဖြစ်နေကြတယ်။ အပြစ်မဲ့တဲ့ သားသမီး အရွယ်တွေကိုအဲလောက်လုပ်စရာလား။ သူတို့ကနဂိုကတည်းက လူစိတ်ရှိတဲ့သူတွေတော့ မဟုတ်ဘူး။ အခုကတော့ဆိုးဆိုးရွားရွားပါပဲ။ ညပိုင်းကျတော့ သံဗုံးတွေပြန်တီးကြတယ်။ သံဗုံးတီး သံမကြားရတာကြာပြီ။ အခုတော့ စစ်တပ်အာဏာသိမ်းထားတာက မနေ့တနေ့ကလို ပြန်ခံစားလာရတယ်။” လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက သူရဲ့ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။

တကယ်တော့ကြည့်မြင်တိုင်သွေးကြွေးဆပ်လို့မကုန်ပါဘူး။ အဲဒီလိုပဲ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန် သမျှ တွန်းလှန်နေကြသူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးကို ကြိုးစားနေရင်း ပေးဆပ်နေကြသူတွေ၊ အသက်ပေးစွန်လွှတ်ခဲ့ကြသူတွေ အတွက် သွေးကြွေးဟာဆပ်မကုန်အောင်များ လှပါတယ်။

ပြန်လည်နိုးကြားလာတဲ့ပြည်သူလူထုအပေါ် အမျိုးသမီးပျောက်ကျားတပ်ဖွဲ့(Myaung Women warriors) အဖွဲ့မှ တော်လှန်သောအမျိုးသမီးက “ဖိနှိပ်ခံပြည်သူလူထုကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်လာမှုတွေဟာ တော်လှန်ရေးကြီးအောင်မြင်ဖို့ ခွန်အားတွေနှင့်အတူ တွန်းအားတွေပါ ပါနေတယ်။ ဒီအပေါ်မှာတော့ အားရကျေနပ်စရာတွေပါပဲ။” လို့အားရကျေနပ်မျှော်လင့်စွာဆိုလိုက်ပါတယ်။

အခုတော့ပန်းပင်ကြီးလမ်းမှာ ပန်းပွင့်တွေကြွေခဲ့ပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10