သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာတွေကနေ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဒေသခံအမျိုးသား ၁၅ ဦး နိုဝင်ဘာ ၅ ရက်ဒီနေ့အထိ ပြန်မလွတ်လာသေးဘူး လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဝင် ကိုတေဇမင်း ဆီကသိရပါတယ်။
အောက်တိုဘာ ၂၈ ရက်ကစတင်ကာ အေးရွာလေးနဲ့ သခွက်ပင်ကျေးရွာကအပါအဝင် ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးခဲ့တဲ့ ကျေးရွာလမ်းတလျောက်မှာ ဖမ်းဆီးခဲ့သူ ၆၀ ဦးကျော်ရှိခဲ့ပြီး အဲ့ဒီထဲက ၁၅ ဦးကိုတော့ ဒီနေ့အထိပြန်မလွှတ်သေးတာလို့ ဆိုပါတယ်။
“ဖမ်းဆီးခံပြည်သူတွေက ကျနော်တို့သိရသလောက် အေးရွာလေးရယ်၊ အေးရွာလေးကြားနဲ့ သင်္ခရိုင်ကြားက လမ်းဘေးပြည်သူတွေရယ်၊ သခွတ်ပင်ရွာက တယောက်ရယ် ဖမ်းခံရတဲ့သူတွေရဲ့ နာမည်တော့အတိအကျတော့ ကျနော်တို့မသိရသေးဘူး။ တချို့မိသားစုကို မေးကြည့်တော့လည်း အဖမ်းခံရတဲ့သူတွေက ပြန်ရောက်လာတာလည်းမရှိသေးဘူး” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြု တပ်ဖွဲ့ဝင် ကိုတေဇမင်းက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
ကြို့ပင်ကောက်မြို့နယ်နဲ့ ဇီးကုန်းမြို့နယ်အစပ် ပဲခူးရိုးမအနီးရှိ ဘော်ဘင်ရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီနဲ့ပျူစောထီးစစ်ကြောင်းက အောက်တိုဘာ ၂၈ ရက်မှာ အေးရွာလေးရွာကိုဝင်ပြီး ဒေသခံတွေကိုဖမ်းဆီးပြီး နေအိမ် ၁၀ လုံးကိုမီးရှို့ကာ ၁ ညအိပ်စခန်းချခဲ့ပါတယ်။
အဲ့ဒီနောက် အောက်တိုဘာ ၂၉ ရက်မှာ ဖမ်းဆီးခံဒေသခံတွေနဲ့အတူ သင်္ခရိုင်ရွာ ပရဟိကျောင်းကို ဝင်ပြီး ကျောင်းသားတချို့နဲ့ ကျောင်းထဲက ထမင်းဟင်းချက်တဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေကို ဖမ်းဆီးထားခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာတော့ ဖမ်းဆီးထားတဲ့သူတွေထဲက အမျိုးသမီးနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက်မှာလည်း ဘော်ဘင်ရေလှောင်တမံနားအနီးက ဘော်ဘင်ရွာ ကနေ အင်အား ၁၃၀ ဝန်းကျင်နဲ့ သင်္ခရိုင်ပရဟိတကျောင်းကို ထပ်မံဝင်ရောက်လာခဲ့တာကြောင့် ကျောင်းထဲမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ကိုရင်တွေ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျောင်းထဲမှာဘုန်းကြီးအိုတွေနဲ့ သက်ကြီးရွယ်အိုတွေကျန်ခဲ့တယ်လို့ ဆိုပါတယ်။
“ နိုဝင်ဘာ ၁ ရက်နေ့မှာ အထိုင်ချပြီးတော့ ၂ ရက်နေ ၃ ရက်နေ့ ၄ ရက်နေ့မှာ ကျစွာဘုရားကနေ တောင်မြင့် အဲ့နားအနီးပတ်လည်တွေကို စစ်ကြောင်းထိုးပြီးတော့ အရပ်သားပြည်သူတွေကို လိုက်လံဖမ်းဆီးတာမျိုးတွေ၊ ဒါမျိုးတွေလုပ်ဆောင်နေတယ်” လို့ ကိုတေဇမင်းက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းဟာ ဘော်ဘင်ရွာထဲကိုပြန်မဝင်သေးဘဲ ကုန်းရွာရှိစစ်တပ် အထိုင်စခန်းကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ နဲ့ ၂၅ ရက်မှာလည်း အဲ့ဒီစစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန် ထိတွေ့မှုဖြစ်ပြီးနောက် အထိနာတဲ့ စစ်ကောင်စီတပ်သားတွေက အင်တိုင်းကုန်း၊ ဆည်တော်ဦး၊ သင်္ခရိုင်၊ ရုံးချောင်း၊ အေးရွာလေး၊ ဥယျာဥ်ကြီး စတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံတသောင်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပုံစာ - ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်ထဲက ခရီးသွားပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #စစ်အုပ် #ဒေသံ #ဖမ်းဆီး
Share Share Share