ကြံ့ခိုင်ရေးပါတီထောက်ခံသူများတဲ့ ဒေါင့်ဘိုးရွာ လေကြောင်းကပစ်ခတ်ခံရလို့ အမျိုးသား ၁ ဦးသေဆုံး

ကြံ့ခိုင်ရေးပါတီထောက်ခံသူများတဲ့ ဒေါင့်ဘိုးရွာ လေကြောင်းကပစ်ခတ်ခံရလို့ အမျိုးသား ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဒေါ့ဘိုးကျေးရွာကို စစ်ကောင်စီက လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၂၃ ရက် ည ၆ နာရီခွဲလောက်မှာ တံတားဦးလေတပ်ဘက်က တက်လာတဲ့ Y 12 ၁ စီးပေါ်က တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၈ နှစ်အရွယ် ဦးအေးထွန်း သေဆုံးပြီး ဒေါ်စန်းယု၊ မမာမာကြည်၊ မတော တို့ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

“‌ဒေါင့်ဘိုးရွာက ကြံ့ခိုင်ရေးပါတီဝင်တွေကို အများဆုံးထောက်ခံတဲ့ရွာ။ အခုလို လေကြောင်းတိုက်ခိုက်ခံရတာဟာ ပထမအကြိမ်ပဲ။ ဘာလို့ လေကြောင်းလာကြဲသွားလဲတော့ မသိဘူး။ လောလောဆယ် ဒေါင့်ဘိုးရွာကဒေသခံတွေ ရှောင်နေကြတယ်" လို့ နွားထိုးကြီးဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဦးအေးထွန်းနဲ့ ဒေါ်စန်းယုတို့က လင်မယားတွေဖြစ်ကြပြီး ကျန် ၂ ဦးကတော့ အိမ်နီးနားချင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။  ‌

ဒဏ်ရာရသူထဲမှာ ဒေါ်စန်းယုနဲ့ မမာကြည်တို့က ဒဏ်ရာပြင်းထန်ပြီး မတောကတော့ သွား ၂ ချောင်းကျိုးသွားတယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

"ဒီအတိုင်း အသားလွတ်ကြီးကို ရော့ကတ်နဲ့လာပစ်သွားတာ။ ဦးအေးထွန်းကတော့ လည်ပင်းထိသွားတယ်၊ သူ့အမျိုးသမီးကတော့ ခေါင်းကိုထိသွားတာ အိမ်မှာနေရင်းနဲ့ပဲထိကြတာ။" လို့ သူက ပြောပါတယ်။

ဒါ့အပြင် နွား ၆ ကောင်သေဆုံးပြီး ၄ ကောင်ဒဏ်ရာရခဲ့ကာ နေအိမ် ၄ လုံး၊ လိုက်ထရပ်ကား ၁ စီး၊ ထော်လာဂျီ ၁ စီးနဲ့ ဆိုင်ကယ် ၂ စီး လည်းထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက် မနေ့ည ၆ နာရီကျော်လောက်မှာလည်း နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာ တောင်ဘက်ကို လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတော့မရှိခဲ့ဘူးလို့ သိရပါတယ်။ 

စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ပုန်းခိုကျင်းတွေ ခိုင်ခိုင်ခံ့ခံ့ဆောက်လုပ်ထားကြဖို့၊ တိုက်ခိုက်ရေးသုံး လေယာဉ်တွေရဲ့လာရာ၊ လားရာသတင်းတွေကို သတိပြုကြဖို့နဲ့ လေယာဉ်သံကြားပါကလည်း အိမ်ပြင်ထွက်ကြည့်ဖို့ထက် ပုန်းခိုကျင်းထဲမှာဝင်နေကြဖို့ လေကြောင်းအန္တရာယ် ကြိုတင်သတိပေးစောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ NAS-နပ်စ် မှ တပ်ဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။ 

ဒီမနက်ပိုင်းမှာတော့ ဒေါင့်ဘိုးကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ လမ်းပိုင်း အနောက်ဘက်ခြမ်းကို စစ်ကောင်စီက စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကြောင်းထိုးနေတယ်လို့သိရကာ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် မနက် ၅ နာရီကျော်မှာ အောင်သာရွာနဲ့ အောင်ပန်းကုန်းရွာအကြားကို စစ်ကောင်စီရဲ့ Y 12 လေယာဥ် ၁ စီးက နာရီဝက်ခန့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးကျော်သူမိုး၊ ဇနီးဖြစ်သူ ၄၆ နှစ်အရွယ် ဒေါ်ခင်အေးကျင်နဲ့ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်အောင်ပြည့်လျှံတို့ နေရာတင် သေဆုံးခဲ့ပါတယ်။ 

သတင်း - နန်းခမ်း၊ ကျော်စွာ၊ စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #လေကြောင်းတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10