ခင်ဦးက ကျေးရွာ ၄ ရွာကို လေယာဥ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

ခင်ဦးက ကျေးရွာ ၄ ရွာကို လေယာဥ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က သြဂုတ် ၂၉ ရက်မှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ဗုံးကြဲခံရတဲ့ကျေးရွာတွေကတော့ စည်ပုတ္တရာ၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ မဒေါင်းကြီးရွှေကာ စတဲ့ကျေးရွာတွေ ဖြစ်ပြီး စည်ပုတ္တရာကျေးရွာမှာပဲ လူအထိအခိုက်နဲ့ နေအိမ်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ 

စေပုတ္တရာကျေးရွာကို ယမန်နေ့ မနက် ၉ နာရီကျော်မှာ လေယာဥ် ၁ စီးနဲ့ ၁ ကြိမ်၊ မွန်လွဲ ၃ နာရီမှာ လေယာဥ် ၃ စီးနဲ့ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ်ဆက်တိုက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

"ရွာထဲကို ရော့ကတ် ၅ လုံး၊ ဗုံးသီး ၃ လုံး ချသွားတာ။ ကျနော်တို့က အစောပိုင်းကတည်းက ရွာသူ ရွာသားတွေ ရွာမှာမနေဘဲ တောထဲမှာသွားအိပ်ကြဖို့ ပြောထားတဲ့အတွက် အထိအခိုက်က ၃ ဦးပဲရှိတာ။" လို့ စည်ပုတ္တရာရွာထဲမှာ ရှင်းလင်းရေးဝင်လုပ်နေတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

ပထမအကြိမ်ဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိခဲ့သူ ၃ ဦးမှာ အသက် ၃၀ အရွယ်အမျိုးသား ၁ ဦး၊ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၅၀ အရွယ်အမျိုးသား ၁ ဦးတို့ဖြစ်ပြီး လူနေအိမ် ၆ လုံးမှာလည်း လုံးဝ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

"ဒဏ်ရာတွေကတော့ မစိုးရိမ်ရ။ ရွာထဲမှာ ရော့ကတ်အခွံတွေ တွေ့တယ်။ ဗုံးသီးတလုံးဆို မပေါက်ကွဲခဲ့လို့ အဲဒါကို ဖျက်ဆီးဖို့ လုပ်နေတယ်" လို့ အထက်ပါ ရဲဘော်က ဆိုပါတယ်။

ယမန်နေ့ မနက် ၉ နာရီနဲ့ မွန်းလွဲ ၃ နာရီမှာ ဗုံးကြဲခံရတဲ့ နောက်ထပ်ကျေးရွာ ၃ ရွာကတော့ သနပ်စိန်၊ ဖန်ခါးကုန်း၊ မဒေါင်းကြီးရွှေကာကျေးရွာတို့ဖြစ်ပြီး လူအထိအခိုက်မရှိခဲ့ပေမယ့် လူနေအိမ်တချို့ ပျက်စီးမှုရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၉ ရက်ကနေ ၂၉ ရက်အတွင်း ခင်ဦးမြို့နယ်ရှိ ဗအိုး၊ ရှားလွင်၊ မုံလှ၊ စည်ပုတ္တရာ၊ သနပ်စိန်၊ ဖန်ခါးကုန်း၊ မဒေါင်းကြီးရွှေကာစတဲ့ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပုံစာ - ခင်ဦးနယ်၊ ကံသစ်ရွာကို စစ်တပ်က မီးရှို့ခဲ့စဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #စစ်ကောင်စီ #လေယာဥ် #ဗုံးကြဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10