ခင်ဦးနယ်၊ ရှားလွင်ရွာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး

ခင်ဦးနယ်၊ ရှားလွင်ရွာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီခွဲအချိန်ခန့်မှာ ရှားလွင်ရွာဘုန်းကြီးကျောင်းဝန်းနဲ့ ကျေးရွာအတွင်းရှိ ဆေးခန်းအဆောက်အဦကို မိနစ် ၂၀ နီးပါးကြာ လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" ရှားလွင်ရွာကို ပထမတခေါက် ဂျက်ဖိုက်တာနဲ့ လာပစ်ပြီဆိုတော့ နောက်အခေါက်တွေလည်းဝဲပြီး ထပ်ပစ်တော့မှာသိတော့ ထွက်ပြေးတာ။ မီးရောင်မြင်ပြီးပစ်တာပဲ အဲ့မှာပွဲချင်းပြီးသေသွားတယ် “ လို့ ခင်ဦးမြို့နယ်အရှေ့ခြမ်းဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရမှုအတွင်း အသက် ၃၀ ကျော်အရွယ် ကိုအောင်ကြီးနဲ့ ကိုနန်းဝင်းတို့ ထွက်ပြေးရင်း နေရာမှာတင်သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတဦးကတော့ ဆေးကုသမှုခံယူနေရာကနေ ဒီနေ့မနက်ပိုင်းမှာသေဆုံးခဲ့ကာ သေဆုံးသူ အမျိုးသား၂ ဦးကို စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ် ။

ရှားလွင်ရွာဒေသခံတွေ ဆေးပေးခန်းပြုလုပ်ထားတဲ့ ကျေးရွာအတွင်းရှိ နေအိမ်တချို့ကို လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါ ဆေး‌ပေးခန်းမှာ သူနာပြုတချို့နဲ့ ‌ဆေးကုသမှုခံယူ‌နေတဲ့ ပြည်သူတချို့ရှိတယ်လို့လည်း ၎င်းက ဆိုပါတယ် ။

"ဆေးခန်းကိုလာကြဲတာ ပစ်တာတွေက နည်းနည်းလွဲချော်သွားတယ်။ အဲဒါတွေကိုတော့ မထိခဲ့ဘူး။ ဆေးခန်းမှာက လူနာတွေရှိတယ်။ အဲဒီဆေးရုံက ရှားလွင်မှာရှိတဲ့ ဒလန်တချို့ရဲ့ နေအိမ်တွေကို ဆေးရုံလုပ်ပြီး ဆေးကုနေတာ ကြာပါပြီ ၂၀၂၂ ဝင်စ ကတည်းကပါ။" လို့အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက် မနေ့ည ၆ နာရီကျော်လောက်မှာလည်း စစ်ကောင်စီတိုက်လေယာဉ်က ရှားလွင်ရွာမြောက်ဘက်ရှိ ခရိုင် Drone အဖွဲ့ရဲ့ စခန်းအဟောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါစခန်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောင်းရွှေ့သွားပြီဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ ဆိုပါတယ်။

" ၂၆ ရက်နေ့က ရွာအပြင် တဲစုတခုကိုကြဲတာ ဗုံးတလုံးကျတယ်လို့ သိရတယ်။ အသေအပျောက် မသိရသေးဘူး။ ၂၅ ရက် ကြဲတာကတော့ ၃ ဦးသေပြီး ဒါဏ်ရာရတာတွေရှိတယ် " ထန်းတောစု ရွာသားတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲက ရှားလွင်ရွာအပြင် မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ ပအိုး၊ မုံလှ၊ သေနပ်စိန်၊ စည်ပုတ္တရာ စတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေပြုလုပ်ခဲ့ပြီး အဲ့ဒီကျေးရွာသားတွေအများစုကတော့ ယာယီသဘောမျိုးနဲ့ စစ်ရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ရှားလွင်ရွာမှာလည်း နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၂ မတ်လမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ဒေသခံတချို့သာ ကျေးရွာအတွင်းနေထိုင်ပြီး အများစုက စွန့်ခွာထွက်ပြေးနေကြတာလည်း ဖြစ်ပါတယ်။

ပုံစာ - ခင်ဦးနယ် ဒေသခံများ စစ်ဘေးရှောင်နေရစဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ရှားလွင် #လေကြောင်းတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10