ခင်ဦးမှာ ရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

ခင်ဦးမှာ ရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရ

စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်၊ ရုံးစုရွာနဲ့ ညောင်ပင်ကြီးရွာကို မီးရှို့လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်မိုင်းနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။  

ဇန်နဝါရီလ ၃၁ ရက် မနေ့ကမနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီလက်အောက်ခံ တမခ ၃၃၊ တမခ ၇၇နဲ့  တမခ ၄၄ က တပ်သားအင်အား ၁၀၀ လောက်ဟာ ရွာကို မီးရှို့ပြီး ထွက်လာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ FIRE Dragon အဖွဲ့မှ ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

“ရုံးစုရွာက နေအိမ်တွေ မီးရှို့ပြီး ညောင်ပင်ကြီးစုရွာက နေအိမ်တွေကို ထပ်ပြီး မီးရှို့တာ၊ မီးရှို့ပြီး ပြန်ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်စစ်ကြောင်းကို မနက် ၁၀ နာရီလောက်မှာ ရုံးစုရွာနဲ့ ညောင်ပင်ကြီးစုရွာအကြား ကန်ဘောင်တွေပေါ်မှာ တိုက်မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃၀ ရက်က ဗျိုင်းကြီးကျေးရွာမှာ ညအိပ်တပ်စွဲပြီး ၃၁ ရက်မနက်ပိုင်းမှာ စုရုံးရွာကို စစ်ကြောင်းထိုးလာပြီး မနက် ၇ နာရီဝန်းကျင်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့အနက် ၄၀၀ ကျော်က မီးလောင်ပျက်စီးခဲ့ရပါတယ်။ 

ဒါ့အပြင် အဲ့ဒီနေ့တနေ့တည်းမှာတင် ရွာနီးချင်းဖြစ်တဲ့ ညောင်ပင်ကြီးရွာကို ဆက်လက်စစ်ကြောင်းထိုးကာ နေအိမ်တွေကိုမီးရှို့ခဲ့ပြီး လက်ရှိအချိန်အထိလည်း အဲ့ဒီရွာအနီးမှာ တပ်စွဲနေတာကြောင့် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို FIRE DRAGON အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ၁၀ ဦး သေဆုံးပြီး၊ ၁၈ ဦး အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10