ချပ်ကြီးပျူစခန်း သိမ်းပိုက်ခံရအပြီး စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ၂ ကြိမ် တိုက်ခိုက်

ချပ်ကြီးပျူစခန်း သိမ်းပိုက်ခံရအပြီး စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ၂ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်၊ ချပ်ကြီးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်း တိုက်ခိုက်သိမ်းပိုက်ခံပြီးနောက် စစ်​ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

မတ်လ ၂ ရက်နေ့ မနက် ၅ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ပျူအင်အား ၆၀ ကျော်ရှိတဲ့ ချပ်ကြီးပျူရွာကို KB2 တပ်ရင်းနဲ့ ဒေသ ပကဖ အဖွဲ့တွေ စုပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

"ပျူစခန်းကို တိုက်ဖို့ သေချာ ပလန်ချပြီးမှ ဝင်တိုက်ခဲ့တာ။ သူတို့က လက်ရှိ ရှိနေသူအားလုံးက ပျူတွေပဲ။ တိုက်ပွဲဖြစ်ပွားတာကတော့ ၁ နာရီကျော် တိုက်ပွဲဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး စခန်းသိမ်းပြီးနောက် ပြန်ဆုတ်မှ စကစ ဘက်ကနေ Mi 35 နှစ်စင်းနဲ့ ၂ ကြိမ် လာပစ်ခဲ့တယ်။ နမခ က ၁ စီးနဲ့ ကလေး လေတပ်ဘက်က ၁ စီးနဲ့ ပစ်တာ။ တို့ဘက်က ဆုတ်နိုင်မယ်ထင်တဲ့ လမ်းကြောင်းကို လိုက်ပစ်ပေမယ့် တလွဲစီပါဘဲ" လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပျူစောထီးစခန်းကို သိမ်းနိုင်ခဲ့ပြီး ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့ ၄၀ ကျော်သေဆုံးခဲ့သလို ဒေသကာကွယ်ရေးတွေဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ကိုင်တဲ့ လက်နက် ၁၅ လက်ခန့်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီဘက်က Mi 35 ၂ စီးနဲ့ ပိတောက်ခင်၊ အုတ်ခင်း၊ ဝက်သအင်းကျေးရွာကြားကို လိုက်လံပစ်ခတ်ခဲ့လို့ ဒေသခံတွေ ထိခိုက်မှုအခြေနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

အဲဒီအပြင် စစ်ကောင်စီအင်အား ၁၅၀ ကျော်ဟာ စစ်ကြောင်း ၂ ကြောင်းခွဲကာ ချပ်ကြီးရွာကို ရောက်လာပြီးနောက် မတ်လ ၃ ရက်နေ့ ယနေ့မနက်မှာတော့ ဝက်သအင်းဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ချပ်ကြီးရွာတိုက်ပွဲအပြင် စစ်ကောင်စီဘက်က ရဟတ်ယာဥ်သုံးပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေကြောင့် နဂါးပေါ်၊ ပိတောက်ပင်၊ ဇီးကုန်း၊ ဆားချင်း၊ ပင်သာကြီးအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၄ နာရီ ၃၀ မိနစ်မှာ ကန့်ဘလူမြို့နယ် ချပ်သင်း​ကျေးရွာရဲစခန်းမှာ တပ်စွဲထားပြီး ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ချပ်သင်းအရှေ့ဘက်မှာ ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10