ချောက်က စစ်ကြောရေးစခန်းဝန်းအတွင်း တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

ချောက်က စစ်ကြောရေးစခန်းဝန်းအတွင်း တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

မကွေးတိုင်း၊ ချောက်မြို့၊ အနော်ရထာ တံတားအနီး၊ မြို့တွင်းကုန်းလမ်းရှိ စစ်ကောင်စီတပ်တွေရဲ့ နဂ/ ၆၀ စစ်ကြောရေးစခန်းဝန်းထဲက အရာရှိနေအိမ်မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၈ ရက်ည ၇ နာရီခန့်မှာ ကင်းစောင့်နေတဲ့စစ်သား ၃ ဦးကို ပစ်ခတ်ခဲ့ရာမှာ ၂ ဦးက သေဆုံးခဲ့တာလို့ Chauk Guerrilla Force မှ ဒုတာဝန်ခံ ဗိုလ်ပေတက ပြောပါတယ်။

"ကျနော်တို့ သိရသလောက်က သူတို့က ရေနံဌာနက အရာရှိနေအိမ်ကို ဝင်စီးဖမ်းခေါ်ထားပြီး စစ်ကြောရေးလုပ်နေချိန်လို့ သိထားရတယ်။ ကျနော်တို့က သူတို့ နဂ/၆၀ စစ်ကြောရေးစခန်းကို ပစ်ဖို့သွားတဲ့အချိန် သူတို့အရာရှိနေအိမ်က မီးအလင်းရောင်အောက်မှာ ကင်းစောင့်နေတဲ့ စကစ ၃ ယောက်ကို တွေ့လို့ပစ်ခဲ့တာ။ ပစ်ခတ်ချိန်ကတော့ ၁၀ မိနစ်လောက်ဘဲ ကြာတယ်။ စကစ ဘက်က ထိခိုက်သေဆုံးကတော့ မျက်မြင်ပါ" လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားပြီး ချောက်ဆေးရုံ ရင်ခွဲရုံထဲကို ပို့ထားရတယ်လို့ ဆိုပါတယ်။

သွားရောက်ပစ်ခတ်ချိန်မှာ စစ်သားတွေကလည်း စစ်ကြောရေးစခန်းရဲ့ တပ်ဝန်းအပြင်ထိ ထွက်လာပြီး လိုက်လံပစ်ခတ်တာတွေ လုပ်ခဲ့ပေမယ့် PDF ဘက်က ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

နဂ/ ၆၀ ဟာ ရှေ့ခေတ်ရေနံမြေအရာရှိ အိမ်ရာတခုဖြစ်ပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားသူတွေကို စစ်ကြောရေးလုပ်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chauk Guerrilla force၊ Chauk ပကဖ၊ Hunter Dragon Group၊ K. F People Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း ချောက်မြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒေသခံကာကွယ်ရေးတပ်တွေက သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲခဲ့ပြီး လူထိခိုက်တာမရှိဘဲ ရုံးအဆောက်အဦး အနည်းငယ်ထိခိုက် ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10