သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောနဲ့ ရွာမကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရပြီး အိမ်ခြေ ၄၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်ကစတင်ကာ ချောက်မြို့ဘက်ကနေ စစ်ကောင်စီက အင်အား ၆၀၀ ကျော်ခန့်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲကာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်လာခဲ့တာပါ။
အဲ့ဒီထဲကမှ ကုန်းကြီး၊ ဂွေးပင်စတဲ့ ပျူစောထီးရွာဘက်ခြမ်းကဝင်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၁ ခုက အောက်တိုဘာ ၂၇ ရက် မနက် ၉ နာရီခန့်မှာ နရွဲတောဘက်ကိုလာပြီး နေအိမ်တွေကို မီးရှို့ပြီးနောက် ရွာမရွာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ရွာမရွာကိုလေယာဥ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းက မီးရှို့လို့ နရွဲတောကျေးရွာ(တောင်စု)က နေအိမ် ၂၀ ကျော်၊ ရွာမရွာက နေအိမ် ၁၅ လုံးကျော်နဲ့ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပြီ ကျေးရွာအတွင်းရှိ ပရဟိတအသင်းကား ၁ စီးအပါအဝင် ကား ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး ရွာမရွာဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကြီးနဲ့ လေယာဥ်ဗုံးကြောင့် ရွာမရွာဘုန်းကြီးကျောင်းထဲစစ်ရှောင်နေတဲ့ ရွာမရွာက အသက် ၆၀ ကျော် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ နရွဲတောကျေးရွာက ကျန်းမာရေးမကောင်းတဲ့ မသန်စွမ်းသက်ကြီးအမျိုးသား ၁ ဦး၊ နရွဲတောရွာက သက်တော် ၄၀ ကျော်သံဃာ ၂ ပါး၊ ကတိုင်တောင်ကျေးရွာက သက်တော် ၂၀ ကျော်သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတော်လှန်ရေးဆေးအဖွဲ့တွေကနေ လုံခြုံတဲ့နေရာတခုမှာ ဆေးကုသမှုပေးနေပြီး ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီဘက်က လေယာဥ်နဲ့ပစ်ချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီး ၁ လုံးက ရွာမရွာထဲမှာကျန်ရစ်နေပြီး ဒေသခံတွေထိခိုက်မရှိအောင် အန္တရာယ်ရှိနေရာအဖြစ်သတ်မှတ်ပြီး ဘယ်ရီဂိတ်တွေနဲ့ တားဆီးကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက်က ကတိုင်မြောက်၊ ကတိုင်တောင်၊ နရဲတောကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ချိန် ပျုစောထီး ၁ ဦးသေဆုံးပြီး စစ်ကောင်စီစစ်ကြောင်းက အရာရှိ ၁ ဦးဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာဖြစ်တဲ့ ရွာမရွာတိုက်ပွဲမှာတော့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုပေတနဲ့ ရဲဘော် ၁ ဦးသေဆုံး၊ နောက်ထပ်ရဲဘော် ၁ ဦးဒဏ်ရာရခဲ့ကာ သေနတ် ၁ လက်လည်း ဆုံးရှုံးခဲ့ပြီး အခြားပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် ၁ ဦးသေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးရဲ့ရုပ်အလောင်းတွေကိုတော့ အောက်တိုဘာ ၂၈ ရက်မှာပြန်လည်ကောက်ယူနိုင်ခဲ့ပြီး တပ်ဖွဲ့တွေရဲ့လုပ်ထုံလုပ်နည်းတွေနဲအတူ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၈ ရက်မှာ ရွာမရွာကနေ တောင်ဘက်ခြမ်း ညောင်ဇင်နဲ့ ကြံကိုင်ကျေးရွာတွေဘက်ကို ထွက်ခွာသွားကာ တော်လှန်ရေးအဖွဲ့တွေနဲ့တော့ တိုက်ပွဲထပ်ဖြစ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တာ၊ တိုက်ပွဲဖြစ်ခဲ့တာတွေကြောင့် ချောက်မြို့နယ်ထဲက သရက်ပင်၊ ကူဖြူ၊ ရွာမ၊ နရွဲတော၊ ကတိုင်တောင်၊ ကံကြီးကုန်း၊ ကတိုင်မြောက်၊ ညောင်ဇင်၊ ကြံကိုင်ကျေးရွာတွေက ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အောက်တိုဘာ ၂၉ ရက်မှာတော့ ကျေးရွာတွေကို ဒေသခံအနည်းငယ်သာ ရွာအခြေအနေတွေကို လာပြန်ကြည့်တာမျိုးရှိပြီး ညအိပ်နေထိုင်သူတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။
စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ချောက် #စစ်ကောင်စီ #လေကြောင်းပစ်ခတ်မှု #ထိခိုက် #စစ်ရှောင်
Share Share Share