ချောင်းဦးမှာ စစ်ကောင်စီတပ်မီးရှို့လို့ နေအိမ် ၃၀၀ ကျော်ပျက်စီးပြီး အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံး

ချောင်းဦးမှာ စစ်ကောင်စီတပ်မီးရှို့လို့ နေအိမ် ၃၀၀ ကျော်ပျက်စီးပြီး အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ရပ်ကွက် ၃ ခုနဲ့ ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်သားတွေက မေလ ၁၁ ရက် ည ၇ နာရီကျော်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်မီးရှို့ခဲ့ရာ အမျိုးသားတဦးမှာ လက်နက်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရတာကြောင့် ရန်အောင်မြေရပ်ကွက်ထဲက အရပ်ခေါ် (မြေနန်းရပ်၊ ဝင်းရပ်၊ ပွဲရပ်) တို့က အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့သလို မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ငါးယှန်ကျေးရွာမှာလည်း လူနေအိမ် ၂၀၀ ခန့်ပျက်စီးခဲ့ကာ လက်နက်ကြီးထိမှန်ပြီး အသက် ၅၀ အရွယ် ဦးစံလင်းမှာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ချောင်းဦး PDF ရဲဘော်တဦး က ပြောပါတယ်။


"စကစတွေက ငါးယှန်ရွာကိုအရင်မီးရှို့တယ်။ လက်နက်ကြီးတွေ ပစ်တယ်။ ပြီးတော့ စကစ နောက်တဖွဲ့က မြို့ပေါ်ကအိမ်တွေကို မီးရှို့တာ။ ငါးယှန်ရွာက ဦးစံလင်းဆိုရင် အိမ်တံခါးကို ပိတ်နေတဲ့အချိန်မှာ လက်နက်ကြီးအိမ်ထဲကျလာလို့ ပွဲချင်းပြီး သေသွားတယ်။ မယားကတော့ နားရွက်တဖက် ပြတ်ထွက်သွားတယ်။ ကျနော်တို့ရဲဘော်တွေကတော့ စကစတွေမီးဝင်ရှို့နေတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေကို ထမ်းပြီးကယ်ထုတ်နေခဲ့လို့ မိုင်းဆွဲချိန်မရလိုက်ဘူး။ စကစတွေက ည ၁၂ နာရီလောက်မှာ ရွာကထွက်သွားတယ်" လို့ ဆိုပါတယ်။

အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ ငါးယှန်ကျေးရွာက ဒေသခံသောင်းချီဟာ ဘေးလွတ်ရာကျေးရွာတွေမှာ ခိုလှုံနေကြရတာကြောင့် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ငါးယှန်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာနဲ့ ၃ မိုင်ဝေးတဲ့ နတ်ရေကန်ကျေးရွာ အထိုင်ချစခန်းကဖြစ်ပြီး လက်ရှိမှာလည်း မုံရွာ-မန္တလေးကားလမ်းမ တလျောက်မှာ စစ်ကောင်စီအင်အား ၂၀၀ ခန့်ချပြီး ကင်းပုန်းဝပ်နေကြတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10