ချောင်းဦးလဝကရုံး မီးရှို့ခံရလို့ ပြာကျ

ချောင်းဦးလဝကရုံး မီးရှို့ခံရလို့ ပြာကျ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မုံရွာ-မန္တလေးကားလမ်းဘေးရှိ ချောင်းဦး လဝကရုံး မီးရှို့ခံရလို့ ပြာကျသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီကျော်ခန့်မှာ ချောင်းဦးလဝကရုံးကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုက သွားရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ Chaung U Revolution တာဝန်ရှိသူက ပြောပါတယ်။

"ညကဒီဘက်က အဖွဲ့တခုက သွားရှို့တာ ဟုတ်ပါတယ်။ အဲဒီမစ်ရှင်သွားလုပ်တဲ့ အဖွဲ့ဘက်ကတော့ အန္တရာယ်ကင်းစွာနဲ့ ပြန်ရောက်လာပါတယ်။ သိရသလောက်ကတော့ ရုံးတော့ တော်တော်ပျက်စီးသွားပါတယ်" လို့ ပြောပါတယ်။

မီးရှို့ခံရလို့ ချောင်းဦးမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ အရန်မီးသတ်အဖွဲ့တွေ လာရောက်မီးငြိမ်းသတ်ခဲ့ပေမယ့် ရုံးပြာကျသွားတယ်လို့ ဆိုပါတယ်။

မီးရှို့ခံရလို့ လဝကရုံးအတွင်းရှိ စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေ၊ ရုံးအဆောက်အဦးနဲ့ ၂ ခန်းတွဲ ဝန်ထမ်းလိုင်းခန်းတဆောင် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ မြင်းမူ၊ ဆားလင်းကြီး၊ တမူးမြို့နယ် လဝကရုံးတွေ မီးရှို့ခံရပြီး ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10