ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်သားတချို့ ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ဘုံကိုးဆင့်ဘုန်းကြီးကျောင်းရှေ့မှာ ခြင်းခတ်နေတဲ့ စစ်ကောင်စီ တပ်သားတချို့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့  မုံရွာခရိုင်တပ်ရင်း ၁၇၊ တပ်ခွဲ ၃ (Monywa Youth Attack Force ) တပ်ဖွဲ့ဆီက သိရပါတယ် ။

မေ ၃ ရက် ညနေ ၅ နာရီခွဲကျော်လောက်က ဘန်ကာ ၂ ခုကြားမှာ ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မီတာ ၁၀၀ အကွာကနေ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးသွားသလို  အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သတင်းရလို့ အမှတ်မထင် ဝင်ပစ်တာ။ ထိခိုက်သေဆုံးမှုကတော့ အတွင်းသတင်းက ရတယ်။ ပစ်ခတ်မှုဖြစ်နေချိန် နဲ့ ပစ်ခတ်မှုပြီးသွားတဲ့အချိန်မှာရော စစ်**တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်” လို့ မုံရွာခရိုင်တပ်ရင်း ၁၇၊ တပ်ခွဲ ၃ တာဝန်ခံ ဗိုလ်မဲက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ဘုံကိုးဆင့်ဘုန်းကြီးကျောင်း အနီးနားမှာ နေထိုင်တဲ့ အမျိုးသမီးတဦးကို ပစ်သတ်သွားသလို နေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သူကဆက်ပြောပါတယ် ။

“ကျနော်တို့ ပြန်ဆုတ်ခွာတော့ စစ်ကြောင်းက နောက်ကနေ တခါတည်းပါလာပြီး အဲဒီနားက အမျိုးသမီးတယောက်ကို ဒီဘက်ကို PDF တွေ ထွက်သွားတာလားမေးတော့ သူကမဖြေလိုက်လို့လား၊ ဘယ်လိုကြောင့်လဲ မသိဘူး။ တခါတည်း ပစ်သတ်သွားတာ။ နေအိမ်ကတော့ ကျနော်တို့ ပစ်ခတ်သွားတဲ့ ပတ်ဝန်းကျင်နားက နေအိမ်ကို မီးရှို့သွားတာ။ ” လို့ ဗိုလ်မဲက ဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုကို မုံရွာခရိုင်တပ်ရင်းအမှတ် ၁၇၊ တပ်ခွဲ ၃ Monywa Youth Attack Force နဲ့ Monywa Underground တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

အဆိုပါ ဘုန်းကြီးကျောင်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြို့စောင့်တပ်အနေနဲ့ အထိုင်ချထားတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဘန်ကာတွေကို ဆောက်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Monywa Youth Attack Force တပ်ဖွဲ့အနေနဲ့ ယင်းဘုန်းကြီးကျောင်းရှေ့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တာ ၃ ကြိမ်ထက်မနည်းရှိပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ အဆိုပါဘုန်းကြီးကျောင်းထဲမှာ လူအင်အား ထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ် ။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ဆားလင်းကြီး #စစ်အုပ်စု #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10