ခြေလျင်တပ်ရင်းမှူးသင်တန်းလာတက်တဲ့ ဗိုလ်မှူးနဲ့မိသားစုဝင်တွေကို PDF ဖမ်းဆီးရမိ

ခြေလျင်တပ်ရင်းမှူးသင်တန်းလာတက်တဲ့ ဗိုလ်မှူးနဲ့မိသားစုဝင်တွေကို PDF ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ သံတောင်ကြီးအခြေစိုက်၊ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)မှာ ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ဖို့လာတဲ့ ဗိုလ်မှူး ၁ ဦးနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးရမိထားတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၂ ရက် မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ထားဝယ်မြို့အခြေစိုက်၊ အမှတ် ၁၂ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀) စစ်ကောင်စီတပ်ရင်းက ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်နဲ့ မိသားစုဝင်တွေဖြစ်ပြီး ထားဝယ်မြို့ကနေ တိုက်ခိုက်ရေးကျောင်း(သံတောင်)ကို သင်တန်းတက်ရောက်ဖို့လာရောက်စဉ် ပဲခူးအရှေ့ခြမ်းဒေသ လမ်းပိုင်းတနေရာမှာ အောက်တိုဘာ ၃၁ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

" သင်တန်းတက်ရောက်ဖို့ သွားရောက်ရမယ့်သတင်းကို အတွင်းဖရဲသီးတွေကနေတဆင့် ကြိုတင်သတင်းပေးပို့ချက်တွေ ရရှိခဲ့တယ်။ ဖရဲသီးသတင်းပေးပို့ချက်အတိုင်း နေ့ရက်၊ အချိန်နဲ့ လမ်းပိုင်းနေရာကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။” ရန်ကုန်တိုင်းစစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

ရှောင်တခင်စစ်ဆေးဖမ်းဆီးခဲ့တဲ့ လမ်းပိုင်းတည်နေရာတွေကတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေမှာ ဗိုလ်မှူးထိန်တောက်နဲ့အတူ မိသားစုဝင်ဘယ်နှစ်ဦးပါဝင်တယ်ဆိုတာကိုတော့ ရန်ကုန်တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာမတွေ့ရဘဲ ဖမ်းဆီးရမိချိန်မှာ ကား ၁ စီးနဲ့ဆေးဝါးတချို့၊ ခရီးသွားလာခွင့်စာရွက်စာတမ်း၊  ပြန်တမ်းဝင်အရာရှိကဒ်ပြား၊ ယူနီဖောင်း စတာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားသူ ဗိုလ်မှူးကို ရန်ကုန်တိုင်းစစ်ဌာနမှ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်တွေကို လူအခွင့်အရေးအပြည့်အဝရရှိစေရန် ဆောင်ရွက်ထားရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#သံတောင်ကြီး #ဗိုလ်မှူး #ပါရဂူ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10