ဂန့်ဂေါနယ်မှာ ပဲမျိုးစုံစတင်စိုက်ပျိုးနေပြီး သွင်းအားစုဈေးတွေမြင့်တက်နေလို့ တောင်သူတွေအခက်တွေ့ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ပဲမျိုးစုံစတင်စိုက်ပျိုးနေကြပြီး လက်ရှိစက်သုံးဆီဈေးအပါအဝင် စိုက်ပျိုးစရိတ်တွေမြင့်တက်နေတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

လက်ရှိ ဂန့်ဂေါနယ်မှာ ဒီဇယ်ဆီ ၁ ဂါလံ ၂၀၀၀၀ ကျပ်အထိရှိနေတာကြောင့် ၁ ဧကအတွက် ထွန်စက်ထယ်ထိုးခ ၇၀၀၀၀ ကျပ်အထိစျေးပေါက်နေကာ နွားငှားရမ်းထွန်ယက်ခ၊ လုပ်သားငှားရမ်းခအပါအဝင် ၁ ဧက စိုက်ပျိုးစရိတ် ကျပ် ၃ သိန်းကျော်အထိ ကုန်ကျမှုရှိတယ်လို့ ဆိုပါတယ်။

ယမန်နှစ် ပဲစိုက်ပျိုးချိန် ကုန်ကျစရိတ်မှာ ၁ ဧက အတွက် ထွန်စက်ထယ်ထိုးခမှာ ၄၅၀၀၀ ကျပ်သာရှိခဲ့ပြီး စုစုပေါင်း စိုက်ပျိုးစရိတ်အဖြစ် ၂ သိန်းခန့်ကုန်ကျတာကြောင့် ယခုနှစ်မှာ ၂ ဆနီးပါး မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

ဂန့်ဂေါနယ်အတွင်းမှာ ပဲထောပတ်၊ ပဲတီစိမ်း၊ ပဲယင်း၊ မြေပဲ စတဲ့သီးနှံတွေကို လဘို့၊ နှမ်းခါး၊ရွှေတောင် ၊ မွေ့လယ်၊ ထယ်လှော်၊ တောင်ယာပြင်၊ ဘော်ပြင်း၊ ကံ၊ မောက်လမ်း၊ ကျွဲနန်း၊ တောင်လယ်၊ လက်ပံ စတဲ့ ကျေးရွာပေါင်း ၃၀ ကျော်မှာ အများဆုံးစိုက်ပျိုးကြတယ်လို့ဆိုပါတယ်။

သွင်းအားစုစရိတ်တွေ မြင့်တက်နေတဲ့အတွက် လယ်ယာမြေထွန်ယက်ရာမှာ အပြည့်အဝမထွန်ယက်နိုင်ဘဲ စက်နဲ့ထွန်ယက်မှုအကြိမ်ရေလျှော့ချ စိုက်ပျိုးနေရတာပါ။

ပဲမျိုးစုံစိုက်ပျိုးရာမှာ မျိုးပဲအဖြစ် ယခင်နှစ်ကစိုက်ပျိုးထွက်ရှိလာတဲ့မျိုးတွေကိုသာ ဒေသမျိုးအဖြစ်သိုလှောင်ကာ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပြီး ယခုနှစ် ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးရာမှာ မိုးနှောင်းကာလ မိုးရွာသွန်းတာများပြားတဲ့အတွက် ယခင်နှစ်စိုက်ပျိုးချိန်ထက် ၁၅ ရက်ကျော် နောက်ကျစိုက်ပျိုးရတယ်လို့ သိရပါတယ်။

ဂန့်ဂေါနယ်အတွင်းမှာ အခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးလှုပ်ရှားတာတွေ နည်းပါးသွားတဲ့အတွက် အခုလို ပဲသီးနှံတွေ စိုက်ပျိုးနိုင်တာလို့လည်းသိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဂန့်ဂေါ #ပဲ #သွင်းအားစု #ဈေးတက် #စိုက်ပျိုးရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10