ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး သေနတ်ထိမှန်

ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး သေနတ်ထိမှန်

ပုသိမ်-မုံရွာလမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီကား ၆စီးဟာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအရောက်မှာ လမ်းဘေးတလျှောက်လူနေအိမ်တွေကို ကားပေါ်က ရမ်းသမ်းပစ်ခတ်သွားလို့ ပြည်သူ ၃ဦး သေနတ်ထိမှန်ပြီး ဆေးကုသနေရပါတယ်။

မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာဘက်ကနေ ရခိုင်ပြည်နယ် အမ်းဘက်ကို သွားတဲ့ အဲ့ဒီစစ်ကောင်စီ ကားတွေဟာ မတ်လ ၂၈ရက် က ပဒါန်းကျေးရွာကို ဖြတ်သွားချိန် ကားမောင်းနေရင်းပဲ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

" အဲ့ဒီပစ်ခတ်မှုကြောင့် ငဖဲမြို့နယ် ကုန်းသာရွာက စျေးလာဝယ်တဲ့ ပြည်သူ အမျိုးသား ၂ဦးနဲ့ ပဒါန်းက အမျိုးသမီး  ၁ဦး စုစုပေါင်း ၃ဦးမှာ အမျိုးသား ၂ဦးက ခြေသလုံး ကျည်ထိတယ် အမျိုးသမီးကတော့ ခြေဖနောင့်ထိပြီး မင်းဘူးဆေးရုံကို လွှဲလိုက်ပြီး ဆေးဝါးကုသနေရတယ်၊ ပဒါန်းမှာ ရှိမရှိမသိရဘူး " လို့ ဒေသခံတဦးက ပြောပါတယ်။

 

ပစ်ခတ်မှုကြောင့် လူ၃ဦး သေနတ်ထိမှန်တာအပြင် လမ်းဘေးတောက်‌လျှောက်က လူနေအိမ်တွေနဲ့ ဆိုင်တွေ ထိခိုက်ပျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။ 

"ပဒါန်း နပခ( အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကြားစခန်း) နားတစ်ဝိုက်နဲ့ လမ်းဆုံမီးပွိုင့် ယာဉ်ထိန်းရုံးလည်းကိုမှန်တယ် ပြီးတော့ သဇင်တည်းခိုခန်းခြေရင်း အပျိူကြီးဈေးဆိုင် က မှန်ဘီရိုမှန်တယ်မှန်ကွဲတယ် ရေခဲသေတ္တာ မှန်တယ်" လို့ ပြောပါတယ်။

မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာနဲ့ ငဖဲမြို့နယ် ပဒါန်းကျေးရွာကြားထဲမှာ အဲ့ဒီစစ်ကောင်စီ ကား ၆စီး မိုင်းဆွဲခံရတယ်လို့ သတင်းရရှိထားပြီး အဲ့ဒီကိစ္စကြောင့် ပဒါန်းကျေးရွာကို ဖြတ်သွားချိန်မှာ ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ အဲ့ဒီဒေသခံကပဲ ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10