ငါးဇွန်မှာ ကင်းလှည့်နေတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး သေဆုံးမှုများဟုဆို

ငါးဇွန်မှာ ကင်းလှည့်နေတဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး သေဆုံးမှုများဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့ကနေ ကား ၁ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီအဖွဲ့ ဖေဖော်ဝါရီလ ၅ ရက်မနက်အစောပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။ 

စုစုပေါင်းအင်အား ၂၀ ဝန်းကျင်နဲ့ ကင်းလှည့်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို ငါန်းဇွန်မြို့အရှေ့ဘက် ၃ မိုင်အကွာရှိ ညောင်ပင်ကြီးရိုးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) အဖွဲ့တာဝန်ခံက ပြောပါတယ်။ 

“ကား ၁ စီး ဆိုင်ကယ် ၅ စီး နဲ့ လာတာမှာ ကားကိုလွှတ်ပေးလိုက်တယ်။ ဆိုင်ကယ် ၅ စီးကို မိုင်းဆွဲခဲ့တယ်။ မိုင်းဆွဲပြီး ရဲဘော်တွေက ပစ်ခတ်ကြတယ်။ သူတို့ဘက်က ၁ ယောက်ထဲ ပြန်ပစ်နိုင်တယ်။ တိုက်ပွဲက ၁၀ မိနစ်လောက် ကြာတယ်။ သူတို့ဘက် ကား ၁ စီးနဲ့ တပ်ကူရောက်လာပြီး အဝေးကနေ လက်နက်ကြီးနဲ့ထုလို့ ပြန်ဆုတ်ခဲ့တယ်။ စစ်ကောင်စီဘက်က ၉ ဦး သေပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရတယ်။ သေဆုံးတာက ပျူတွေဖြစ်တယ်” လို့ ပြောပါတယ်။ 

ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ မြင်းခြံခရိုင်ရင်း ၆ (ငါန်းဇွန်)၊ စစ်ကိုင်းခရိုင် ရင်း ၂၊ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း (MNPDF)၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့၊ ခုနှစ်စင်ကြယ် ပြောက်ကျားတပ်ဖွဲ့၊ TGYR ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါးပြောက်ကျားတပ်ဖွဲ့၊ special task foce၊ ပြည်သူ့အင်အား၊ LPDF (စဥ့်ကိုင်) နဲ့ MSPDF(မြောင်)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

တိုက်ခိုက်ခံရပြီး ပျူစောထီး ၉ ဦး သေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ပြောပေမယ့် မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာ‌တဲ့ ကား ၁ စီးကို တောင်လယ်တောရွာနဲ့ ရွာသာရွာအကြားမှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10