စကျင်ရွာထဲ ဈေးဝယ်ထွက်တဲ့ တောကြီးမြွေပွေးအဖွဲ့ကို စစ်တပ်ရှာဖွေ၊ ၂ ယောက်ဖမ်းမိဟုဆို

စကျင်ရွာထဲ ဈေးဝယ်ထွက်တဲ့ တောကြီးမြွေပွေးအဖွဲ့ကို စစ်တပ်ရှာဖွေ၊ ၂ ယောက်ဖမ်းမိဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာထဲသို့ တပ်ဖွဲ့လိုက် ဈေးဝယ်ထွက်လာတဲ့ တောကြီးမြွေပွေးအဖွဲ့ကို စစ်ကောင်စီက စစ်ကြောင်းထိုးရှာဖွေမှုတွေ လုပ်နေပြီး တပ်ဖွဲ့ဝင် ၂ ဦးကို အသေဖမ်းမိထားတယ်လို့ စစ်ကောင်စီ ထောက်ခံတဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

သြဂုတ် ၅ ရက်က မတ္တရာမြို့နယ်ထဲက လူဦးရေ ၇၀၀၀ ကျော်ရှိတဲ့ စကျင်ကျေးရွာထဲကို တောကြီးမြွေပွေး ခေါင်းဆောင် ဗိုလ်တီအပါအဝင် တပ်ဖွဲ့ဝင်တွေက လက်နက်တွေ ကိုင်ဆောင်ပြီး စျေးဝယ်ထွက်လာကြတဲ့ ဗီဒီယိုဖိုင် ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ပြီးတဲ့နောက် သြဂုတ် ၆ ရက် မနက် ၄နာရီမှာတော့ စစ်ကောင်စီက စစ်ကား ၇ စီးနဲ့ စကျင်ရွာကို ဝင်ရောက်ခဲ့ပါတယ်။

အဲ့ဒီနောက် တောကြီးမြွေပွေးတပ်ဖွဲ့ဝင် ၂ ဦးကို အသေဖမ်းမိတယ်လို့ဆိုကာ သေနတ် ၂ လက် ဘေးချကာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးရဲ့ အလောင်းဓာတ်ပုံတွေကို စစ်အုပ်စုတယ်လီဂရမ်ချန်နယ်တွေမှာ တင်ထားခဲ့ပါတယ်။ 

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင်ဗိုလ်တီက "နှစ်ယောက်စလုံးက ကျွန်တော်တို့ တပ်ဖွဲ့က မဟုတ်ပါဘူး။ ဒေသခံတွေလည်း မဟုတ်ဘူး။ သက်သက်လုပ်ထားတဲ့ပုံတွေဖြစ်မယ်" လို့ မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးကလည်း သေဆုံးသူနှစ်ယောက်ရဲ့ အလောင်းဘေးမှာ ချထားတဲ့ သေနတ်ဟာ တောကြီးမြွေပွေးအဖွဲ့ဝင်တွေရဲ့ လက်နက်မဟုတ်ဘူးလို့ ပြောထားပါတယ်။

မြေပြင်မှာ စစ်ဘေးရှောင်ကူညီမှုပြုလုပ်နေသူတွေကလည်း စကျင်ရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုး လုံးဝမရှိဘူးလို့ အတည်ပြုပြောပါတယ်။

တောကြီးမြွေပွေးအဖွဲ့ဟာ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအနီးမှာ တပ်စွဲခဲ့စဥ်က စစ်အုပ်စုကို အကြိမ်ကြိမ်အထိနာစေခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုတယ်လီဂရမ်ချန်နယ်တွေမှာ ရှိမ်းမကားကနေ စကျင်ရွာကြားက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး တောကြီးမြွေပွေးအဖွဲ့ကို အပြတ်ဖြတ်ဖို့ ရေးသားနေကြပါတယ်။

ဒါ့အပြင် ခေါင်းဆောင်ဗိုလ်တီနဲ့ မိခင်ဓာတ်ပုံ၊ တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကိုထုတ်ပြန်ပြီး သူတို့ကိုတွေ့ရှိပါက သတင်းပေးဖို့ကိုလည်း စစ်ကောင်စီဘက်က တိုက်တွန်းထားကြပါတယ်။ 

ဒီနေ့ညနေ ၆ နာရီခွဲလောက်မှာတော့ စစ်အင်အား ၂၀၀ နီးပါး စကျင်ရွာကို အင်အားထပ်တိုးဆင်းခဲ့ပြီး အရေးပေါ်လှေတွေနဲ့ပါ စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အရင်က ဝင်ရောက်နေတဲ့ စစ်အင်အားနဲ့ဆို မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စုစုပေါင်း စစ်အင်အား ၅၀၀ ကျော်ရှိပြီး ဒေသခံ ၅,၀၀၀ နီးပါးလည်း ရှောင်တိမ်းနေရတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေဟာ ညောင်မြစ်၊ ဧရာဝတီမြစ်အနီးမှာ တည်ရှိကြတာမို့  အခု ရာသီမှာ မြစ်ရေမြင့်တက်ချိန်ဖြစ်နေတာကြောင့် ဒေသခံတွေ ရှောင်တိမ်းရတာလည်း အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်ကလည်း စစ်အုပ်စုက မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးပြီးဒေသခံ ၆ ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စကျင်ကျေးရွာ #တောကြီးမြွေပွေး #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဝါဒဖြန့် #ဗိုလ်တီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10