စစ်ကိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဇာတိ ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲ စစ်အုပ်စုသေဆုံးမှုများပြီး သေနတ် ၈ လက်ရ

စစ်ကိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဇာတိ ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲ စစ်အုပ်စုသေဆုံးမှုများပြီး သေနတ် ၈ လက်ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးစံပြရွာရှိ ပျူစောထီးစခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှု တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုရှိတယ်လို့ ကန့်ဘလူမြို့နယ်ပကဖထံက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းကစတင်ပြီး အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ကာဘိုးရွာဝန်းကျင်စခန်းနေရာ ၅ ခုထက်မနည်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" တိုက်ပွဲက တော်တော်ကြာတယ်လို့ ပြောလို့ရတယ်။ ရွာဝန်းကျင်က ကာကင်းတွေအကုန်နီးပါး သိမ်းနိုင်ခဲ့ပြီးတော့ ရွာလယ်က ဘန်ကာတခုလောက်ပဲ ကျန်ခဲ့တာ" လို့ ကန့်ဘလူမြို့နယ် ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပျူစောထီးစခန်းအားလုံးနီးပါး သိမ်းနိုင်မယ့်အခြေနေအရောက်မှာ စစ်ကောင်စီဘက်က အင်အားရာချီတဲ့ စစ်ကူတွေ ရောက်လာတာကြောင့် ယာယီပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး PDF ပူးပေါင်းအဖွဲ့ဘက်က ၅ ဦးသေဆုံးခဲ့ကာ စစ်အုပ်စုထံက သေနတ် ၈ လက်၊ ကျည်ဘောက်နဲ့ ကျည်ဆံအများအပြား၊ Jammer စက် ၂ လုံး၊ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာတော့ ကာဘိုးရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရမှုမှာ စစ်သားနဲ့ပျူစောထီး ၇ ဦးသေဆုံးတယ်လို့ ဖော်ပြကြပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ကန့်ဘလူခရိုင် တပ်ရင်း ၄၊ ရွှေဘိုခရိုင်တပ်ရင်း ၂၅ ၊ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ်ပကဖတပ်ဖွဲ့နဲ့ ဒေသခံပကဖများ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဇန်နဝါရီ ၂၆ ရက် မနေ့မှာတော့ ကန့်ဘလူမြို့ဘက်ကနေ စစ်ကောင်စီအင်အားအများအပြားက ကာဘိုးရွာနဲ့ အနီးတဝိုက်ကို စစ်ကြောင်းထိုးနေလို့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ကာဘိုးရွာဟာ စစ်ကောင်စီခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ဇာတိရွာဖြစ်ပြီး ဒီဇင်ဘာနောက်ဆုံး အပတ်မှာပဲ စစ်ကိုင်းဝန်ကြီးချုပ်တက်ရောက်တဲ့ မုံရွာမြို့စုပေါင်းလမ်းလျှောက်ပွဲ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ပျူစောထီးစခန်း #တိုက်ခိုက်မှု #နှစ်ဖက်သေဆုံး #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း #မြေလတ်သတင်း #ဝန်ကြီးချုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10