စစ်ကိုင်းတွင် စစ်တပ်နဲ့ ပျူစခန်းတချို့ ရိက္ခာပြတ်လို့ ဒေသခံတွေရဲ့ ပစ္စည်းတွေလုယူ

စစ်ကိုင်းတွင် စစ်တပ်နဲ့ ပျူစခန်းတချို့ ရိက္ခာပြတ်လို့ ဒေသခံတွေရဲ့ ပစ္စည်းတွေလုယူ

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေဟာ ရိက္ခာပြတ်လပ်တာတွေ ရှိလာတဲ့အတွက် အနီးအနားရွာတွေက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ဆက်တိုက် လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ခင်ဦး၊ ရေဦး၊ ရွှေဘိုမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်ကြောင်းမထိုးဘဲနဲ့ စစ်တပ်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေထဲ သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ဒေသခံတွေရဲ့ ပစ္စည်းတွေကို လုယက်တာတွေလုပ်နေတယ်လို့ ရွှေဘိုမြို့နယ်တပ်ရင်း(၄)၊ ရွှေဘိုကျားကြီးအဖွဲ့က ပြောပါတယ်။

"စစ်တပ်ရိက္ခာပို့ဖို့ အခက်ခဲတွေရှိလာပြီ။ လမ်းကြောတွေမှာ မိုင်းဆွဲခံရတော့ ပျူရွာတွေကို ရိက္ခာ မရောက်လို့ အခု မကြာခဏဆိုသလို ရွာတွေလုယက်ခံရတယ်" လို့ ရွှေဘိုကျားကြီးက ပြောပါတယ်။

အရင်က စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ ပျူစောထီးကျေးရွာတွေကို မော်တော်ယာဉ်တန်းနဲ့ လိုအပ်တဲ့ ရိက္ခာတွေ လာပို့တာတွေ့ရပေမယ့် ကားလမ်းတလျှောက် မကြာခဏ မိုင်းဆွဲခံရတာတွေရှိလို့ ရိက္ခာအခက်အခဲရှိလာတာ ဖြစ်နိုင်တယ်လို့ ဝက်လက်အခြေအစိုက်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေဟာ မကြာခဏမိုင်းဆွဲခံရတာတွေရှိလို့ အခုနောက်ပိုင်းမှာ ဒေသခံတွေကို ဖမ်းဆီးပြီး စစ်ကြောင်းအရှေ့ကထားကာ လှုပ်ရှားသွားတာမျိုးတွေ လုပ်လာတယ်လို့လည်း သိရပါတယ်။ 

ဝက်လက်မြို့နယ်မှာလည်း ဟန်လင်းကျေးရွာကို တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေဟာ မကြာခဏ ရွာအပြင်ထွက်ကာ လမ်းမှာတွေ့တဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"လယ်လုပ်နေတဲ့ ပြည်သူတွေဖမ်းမိရင် စာရင်းစာရွက်နဲ့ ဒါတွေဝယ်လာခဲ့ဆိုပြီး ခိုင်းတယ်။ ဘေးနားရွာတွေက စျေးဆိုင်တွေမှာလည်း ခဏခဏလိုတဲ့ပစ္စည်းတွေကို လုတယ်" လို့ ဝက်လက်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ကျေးရွာလေးရွာရှိပြီး လမ်းကြောင်းအချက်အချာကျတဲ့ မုဒိန်ချောင်းနဲ့ အင်းပတ်ကွေ့တွေမှာလည်း တပ်စွဲထားကာ အနီးအနားကျေးရွာတွေကို တလ ၄ ကြိမ်ထက်မနည်း ပစ္စည်းတွေလုယက်လေ့ရှိတယ်လို့ Khin Oo Support Organizations(KSO)အဖွဲ့ တာဝန်ခံဗိုလ်လင်းရောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေဆီကို စစ်တပ်က ရိက္ခာလာပို့တာမျိုး ၂၀၂၂ အစပိုင်းမှာရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ရိက္ခာပြတ်တိုင်းကျေးရွာတွေကနေပဲ ဝင်လုယူနေတာလို့ ရေဦးမြို့ကစစ်ရှောင်ကူညီပေးနေသူအမျိုးသားတဦးကပြောပါတယ်။

"အခုနောက်ပိုင်း တခါမှကို လာမပို့ဘူး။ စစ်တပ် တပ်စွဲထားတဲ့နေရာနားက ရွာတွေဆို ခဏခဏ သေနတ်ပစ်ဝင်ပြီး ဆန်တွေ၊ ဆီတွေအသယ်ခံရတာ။ ရေဦးနဲ့ ခင်ဦးနယ်စပ်က ရွာတွေဆို ဒေသခံတွေနေလို့ကို မရဘူး" လို့ သူကဆက်ပြောပါတယ်။

ဩဂုတ် ၁ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာအမှတ်(၁၇)ရပ်ကွက်က ပစ္စည်းတွေကို လုယက်ခဲ့ပါသေးတယ်။ ဇူလိုင် ၂၉ ရက်ကလည်း စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်၊ မုံစီရွာက ပစ္စည်းတွေကို လုယက်သွားပါသေးတယ်။

ပုံစာ - ၂၀၂၃ ဇူလိုင် ၂ ရက်က မုံရွာမြို့နယ် လင်းပိုးကျေးရွာကို စစ်ကောင်စီမှ ဝင်ရောက်ပြီး ပစ္စည်းများယူငင်မွှေနှောက်ထားပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဝက်လက် #စစ်တပ် #ပျူစောထီး #ရိက္ခာပြတ် #ပစ္စည်း #လုယူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10