စစ်ကိုင်းမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်ခဲ့

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်ခဲ့

စစ်ကိုင်းမြို့နယ်ကနေ ဝက်လက်မြို့နယ်ဘက်ကိုထွက်တဲ့ ဗျူဟာလမ်း (ခရိုင်ချင်းဆက်လမ်း)ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ နန်းတက်မင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ကိုပတီး က ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကစတင်ကာ စစ်ကောင်စီဘက်က စစ်ကိုင်းမြို့နယ်မြောက်ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး ၂၆ ရက်မနေ့က ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အား ၇၀ ခန့်ပါတယ်လို့ သိရပါတယ်။ 

မနေ့ကနေ့လယ် ၂ နာရီကျော်မှာတော့ ထုံးဘိုရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရထားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ နန်းတက်မင်းအဖွဲ့မှ ရဲဘော် ကိုပတီး က ပြောပါတယ်။

ဒါ့အပြင် အဲဒီတပ်ကနေပဲ စစ်ကား ၂ စီးနဲ့ ထပ်မံအင်အားဖြည့်လာခဲ့ပြီး နိုဝင်ဘာ ၂၇ ရက် ဒီနေ့မှာတော့ တောင်ရင်းကျေးရွာကို စစ်ကြောင်းဝင်ရောက်နေတယ်လို့လည်း ဆိုပါတယ်။ 

စစ်ကြောင်းနဲ့အတူ ပျူစောထီးတွေလည်းပါဝင်ပြီး ရိက္ခာလိုချင်လို့ စစ်ကြောင်းထိုးတာဖြစ်နိုင်တယ်လို့ ကိုပတီး က ပြောပါတယ်။ 

ဒီစစ်ကြောင်းကြောင့် မန္တလေး-ကျောက်မြောင်းလမ်းပိတ်ထားပြီး ခရီးသွားကားတွေအားလုံးလည်း ရပ်နားထားရတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #လေကြောင်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10