စစ်ကိုင်းမြို့နယ် တဲကြီးရွာတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းမြို့နယ် တဲကြီးရွာတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာအနီးမှာ စက်တင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ လက်နက်တချို့ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက် မနက် ၈ နာရီလောက်မှာ တဲကြီးကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး တဲကြီးရွာက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ မအူပင်အနောက်ရွာက တပ်ဖွဲ့ဝင် ၁ ဦးတို့ ကျဆုံးခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် တဲကြီးကျေးရွာက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းတွေနဲ့ လက်လုပ်သေနတ်တွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

"ထိတွေ့တိုက်ပွဲက ခဏပဲဖြစ်လိုက်တာ။ ဒီဘက်က ခံပစ်လို့ရတဲ့ အခြေအနေမဟုတ်ဘူး။ မြို့နဲ့လည်းနီးတယ်။ ခုခံနိုင်တဲ့နေရာမျိုး မဟုတ်ဘူး" လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်က တံတားဦးလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူတို့ သလွန်ဖြူကျေးရွာအနီး သတ်ဖြတ်ခံရပြီးနောက် စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက်ကနေစပြီး ဒီနေ့အထိ သလွန်ဖြူကျေးရွာအနီးက ညောင်ကုန်း၊ ခြံကြီး၊ သဖျူး၊ တဲကြီး စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၁၁ ဦးကို သတ်ဖြတ်ကာ ၄၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

အခုစစ်ကြောင်းထိုးနေတဲ့ကျေးရွာတွေဟာ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက်မှာရှိတဲ့ကျေးရွာတွေဖြစ်ပြီး မနေ့ကတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကိုင်းမြို့ပေါ်မှာ နေ့ခင်း ၁ နာရီနောက်ပိုင်း အပြင်မထွက်ရဆိုတဲ့ ကောလာဟလတွေပါ ပျံ့နှံ့ခဲ့သေးတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

စစ်ကိုင်းမြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၄ ရက်ကစပြီး စစ်တပ်ကစစ်ကြောင်းထိုးနေကာ စုစုပေါင်း ဒေသခံ ပြည်သူ ၁၆ ဦး သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းမြို့နယ် #တဲကြီးကျေးရွာ #စစ်ကောင်စီ #PDF #ရဲဘော် #ကျဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10