စစ်ကိုင်း လူမှုဖူလုံရေးရုံးရှေ့ မိုင်းပေါက်ပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရ

စစ်ကိုင်း လူမှုဖူလုံရေးရုံးရှေ့ မိုင်းပေါက်ပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရ

စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်ရှိ လူမှုဖူလုံရေးရုံးရှေ့မှာ မိုင်းပေါက်လို့ ဝန်ထမ်း ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ စစ်ကိုင်းမြို့နယ်လူမှုဖူလုံရေးရုံး ဝန်ထမ်းတွေ ရုံးဆင်းချိန် ရုံးအရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်နားကနေ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ဆိုင်ကယ်မှာပဲ မိုင်းထောင်ထားတာလား။ လာပစ်ချသွားတာလားတော့ မသိရဘူး။ ထိခိုက်သူတွေတော့ရှိတယ်။ တယောက်ကတော့ စိုးရိမ်ရလို့ ခွဲစိတ်ခန်းဝင်ရတယ်လို့တော့ သိရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်လို့ ဒုဦးစီးမှူး ရာထူးရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးဒဏ်ရာရသွားပြီး ဒဏ်ရာရသူအနက် ၁ ဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့က စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စျေးတောင်ဘက်ခြမ်းမှာ စက်ဘီးနဲ့လာသူ အမျိုးသား ၁ ဦးဟာ လမ်းလယ်နားမှာရှိနေတဲ့ အထုပ်ကို ခြေထောက်နဲ့ လမ်းဘေးကို ဖယ်လိုက်ချိန် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #စစ်ကောင်စီ #လူမှုဖူလုံရေးရုံး #ဗုံးပေါက်ကွဲမှု #ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10