စစ်ကောင်စီက ဖျက်ဆီးဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်က လူမျိုး/ဘာသာ ငြိမ်းချမ်းရေး (ဆောင်းပါး)

စစ်ကောင်စီက ဖျက်ဆီးဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်က လူမျိုး/ဘာသာ ငြိမ်းချမ်းရေး (ဆောင်းပါး)

‘AA အလိုမရှိ’ ‘တိုက်ပွဲ အလိုမရှိ’ ‘အကြမ်းဖက်တိုက်ခိုက်မှု အလိုမရှိ’ ‘စစ်တွေမြို့ကို ကာကွယ်ကြ’ ဆိုတဲ့ စာသားပါ ပိုစတာတွေကို ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာလူမျိုးတွေဟာ စစ်တွေမြို့ထဲမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ အသက် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးသူငယ်တွေအများအပြားပါဝင်နေတဲ့ အဲဒီဆန္ဒပြပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တာပါ။

မတ်လ ၁၉ ရက်တုန်းကလည်း ဘူးသီးတောင်မြို့မှာ ဘင်္ဂါလီ/ရိုဟင်ဂျာ ၇၀၀ ကျော်ဟာ အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်း၊ တိုက်ပွဲအလိုမရှိကြောင်း မြို့ပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဘင်္ဂါလီ/ရိုဟင်ဂျာတွေအနေနဲ့ ဘူးသီးတောင်မြို့ပေါ်မှာ အခုလို လူအင်အားများစွာနဲ့ ချီတက်ဆန္ဒပြနိုင်တာဟာ စစ်ကောင်စီရဲ့ စီမံခွင့်ပြုပေးခြင်းကြောင့်သာ လုပ်နိုင်ခဲ့တာလို့ ဘူးသီးတောင်မြို့ခံတွေက ဆိုပါတယ်။ 

လူကြီး၊ လူငယ်၊ ကလေး အရွယ်စုံလမ်းပေါ်ထွက် ဆန္ဒပြဖို့ စစ်ကောင်စီက ပိုက်ဆံနဲ့ ရိက္ခာပေးခဲ့တယ်လို့ စစ်တွေမြို့က ဘင်္ဂါလီ/ရိုဟင်ဂျာ လူငယ် အာမ်ဖီယာစ်(အမည်လွှဲ)က ပြောပါတယ်။ 

ဆန္ဒပြပွဲမှာ မပါဝင်နိုင်၊ မလိုက်နိုင်တဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက တအိမ်ထောင် ကျပ်ငါးသောင်းကောက်ခံတယ်လို့ ဆိုပါတယ်။

“လူတွေက စားဝတ်နေရေးအခြေအနေ တော်တော့်ကို ကျပ်တည်းနေတယ်ဆိုတော့ ငါးထောင်ရှာလို့မရတဲ့ အခြေအနေမှာ ငါးသောင်းပေးရမယ်ဆိုတော့ ဘယ်သူက ပေးနိုင်မလဲ။ စစ်တပ်က ဘာလုပ်လဲဆိုတော့ အဲဒါကိုဗန်းပြပြီး ရိုဟင်ဂျာတွေက ကိုယ့်သဘောဆန္ဒအလျောက်လုပ်သလိုမျိုး သူတို့ရဲ့ မြဝတီတို့၊ MRTV တို့မှာပြတယ်” လို့ စစ်တွေမြို့မှ ဘင်္ဂါလီ/ရိုဟင်ဂျာ လူငယ် အာမ်ဖီယာစ်က ပြောပါတယ်။ 

ရခိုင်ပြည်နယ်မှာ နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာတွေကြားက တိုးတက်ကောင်းမွန်လာတဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် တမင်ဖန်တီးတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေ၊ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ ULA/AA ကို သူတို့က ဆန္ဒပြခိုင်းတာတို့ ဘာတို့ဆိုတာက သက်သက်မဲ့မြှောက်ပေးတာ။ အဲ့ကနေတဆင့် ဘယ်အထိရောက်သွားလဲဆိုလို့ရှိရင် ကျနော်တို့ လူမျိုးရေး အဓိကရုဏ်းဖြစ်သွားအောင် ရခိုင်အိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေ မကျန်အောင် မီးရှို့တာတို့ ရိုက်ခွဲတာတို့ ဖျက်ဆီးတာတို့ ရှိတယ်လေ။ အဲဒါ စကစဖက်က မြှောက်ပေးတဲ့ကိစ္စပဲ” လို့ ဝေဖန်ပြောဆိုပါတယ်။

ဘင်္ဂါလီ/ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က စစ်ကောင်စီဟာ ထွက်ပေါက်အနေနဲ့ ပဋိပက္ခဖန်တီးဖို့ အခွင့်အလမ်းများတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာလူမျိုးအများစု နေထိုင်ရာ ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ပဋိပက္ခ မဖြစ်ဖြစ်အောင် ကြိုးပမ်းလာတယ်လို့ ဆိုပါတယ်။

“နဂိုကတည်းကလည်း ဒီလိုအသိုင်းအဝိုင်းနှစ်ခုကြားထဲမှာ အမုန်းတရားတွေက ထည့်ထားပြီးသား။ အရင်ကတည်းက အဆင့်သင့်က ရှိပြီသား။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဒီလိုမျိုး အမုန်းတရားတွေ ဒီကွန်မြူနတီ (အသိုင်းအဝိုင်း) နှစ်ခုကြားထဲမှာ တော်တော်လေးကို နည်းလာတယ်။ အဲဒီလိုနည်းလာတော့ ဒီစစ်ရှုံးတာကို ထွက်ပေါက်အနေနဲ့ လူမျိုးရေးပုံစံမျိုး ပဋိပက္ခဖန်တီးမယ်ဆိုပြီး ကြိုးစားတာပေါ့နော်” လို့ သူက ဆက်ရှင်းပြပါတယ်။

အာရက္ခတပ်တော် AA ဘက်ကလည်း ရခိုင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးထောင်ချောက်ထဲ သက်ဆင်းမသွားအောင် သမိုင်းအတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်းကြောင်း ထုတ်ပြန် စာတွေ ထုတ်ခဲ့ပါသေးတယ်။ 

 စစ်ကောင်စီရဲ့ စစ်သားအတင်းအဓမ္မ စုဆောင်းမှု 

စစ်ကောင်စီဟာ ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို AA အလိုမရှိကြောင်း ဖိအားပေး ဆန္ဒပြခိုင်းသလို တဖက်မှာလည်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အတင်းအကျပ်ဖိအားပေး တပ်သားသစ်စုဆောင်းတာ၊ စစ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းတာတွေလည်း လုပ်ခဲ့ပါသေးတယ်။ 

အဲဒီလိုတပ်သားစုဆောင်းရာမှာ စစ်ကောင်စီက ကျေးရွာအတွင်းက ရွာလူကြီးတွေကိုခေါ်ယူကာ တပ်ထဲဝင်ရမယ့်အသက်ပြည့်ပြီးသူ လူငယ်တွေကိုခေါ်ပေးဖို့နဲ့ မခေါ်ပေးရင် အိမ်တွေကို မီးရှို့မယ်ဆိုတဲ့ ဖိအားပေးခြိမ်းခြောက်ခဲ့တာတွေရှိတယ်လို့ ဘူးသီးတောင်မြို့မှ ဘင်္ဂါလီ/ရိုဟင်ဂျာအမျိုးသမီး အာဆီယာဘီဘီ (အမည်လွှဲ) က ပြောပါတယ်။ 

မြန်မာစစ်တပ်ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေအရ ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထားပေမယ့် နိုင်ငံသားတွေအတွက်သာ ရည်ရွယ်ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေနဲ့တော့ အဓမ္မဖမ်းဆီးပြီး စစ်သားအဖြစ်စုဆောင်းနေတဲ့အကြောင်း အခုနှစ် ဧပြီ ၉ ရက်က ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဘင်္ဂါလီ/ရိုဟင်ဂျာလူမျိုးအများစုနေထိုင်ရာ ဘူးသီး‌တောင်းမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင် စစ်မှုမထမ်းမနေ ရဥပဒေကြောင့် ရွာကလူငယ်တွေဟာ အပြင်မထွက်ရဲဘဲ ရင်တထိတ်ထိတ်နဲ့ နေ နေရတယ်လို့ ရွာခံတွေက ဆိုပါတယ်။

စစ်တွေမြို့မှာ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မခေါ်ခံရသူရဲ့ ဇနီးဖြစ်သူ ဘင်္ဂါလီ/ရိုဟင်ဂျာအမျိုးသမီး ဖရီဒါး(အမည်လွှဲ)က “အစတုန်းကတော့ စစ်မှုထမ်း၀င်တဲ့သူကို တလငါးသောင်းနဲ့ ဆန်တအိတ်ပေးမယ်ပြောပြီး ခေါ်သွားကြတယ်။ နှစ်လပဲသင်တန်းပေးမယ်ပြောပြီး အစအနမရှိ ပျောက်သွားကြတယ်။ နှစ်လလောက်နေပြီးမှ ရှေ့တန်းပို့ လိုက်တာ သေသွားတယ်ဆိုပြီး သတင်းရတဲ့အိမ်တွေလည်း ရှိတယ်။” လို့ ဆိုပါတယ်။ 

သူ့ယောင်္ကျားကတော့ စစ်မှုထမ်းအဖြစ်အခေါ်ခံလိုက်ရတဲ့နေ့ကစလို့ ဒီနေ့အထိ ဘာအဆက်အသွယ်မှ မရတော့ဘဲ သေသလား၊ ရှင်သလားဆိုတာ မသိရသေးဘူးလို့ သူက ဆိုပါတယ်။ 

ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူတဦးကို ကိုးကားပြီး ဖေဖော်ဝါရီ  ၂၈ ရက်ထုတ် စစ်ကောင်စီ လက်အောက်ခံ ကြေးမုံသတင်းစာမှာ ဖော်ပြထားရာမှာတော့ ဘင်္ဂါလီ/ရိုဟင်ဂျာတွေဟာ နိုင်ငံသားမဟုတ်တဲ့အတွက် စစ်မှုထမ်းဥပဒေအရ တပ်သားသစ်စုဆောင်းခံနေရတယ်ဆိုတဲ့သတင်းတွေဟာ မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

ဒါပေမဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း အမှတ်(၅၃၆)၊ (၅၃၇)၊ (၅၃၈) တို့ကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာအချို့ပါဝင်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီ တပ်သားတွေရဲ့ ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

အလားတူ မေ ၅ ရက်က AA ထံမှာ လက်နက်ချခဲ့တဲ့ ဘူးသီးတောင်အခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်က စစ်ကောင်စီတပ်သားတွေထဲမှာလည်း ဘင်္ဂါလီ/ရိုဟင်ဂျာလူငယ်တချို့ ပါဝင်နေတဲ့အကြောင်း အာရက္ခတပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့  အိတ်ဇ်(X)အကောင့်မှာ ဓာတ်ပုံနဲ့တကွ တင်ထားပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာ ၉၇ ဦးရဲ့ အလောင်းတွေကိုသယ်ဖို့ စစ်တွေမြို့ပေါ်က ဘင်္ဂါလီ/ရိုဟင်ဂျာဒုက္ခသည်စခန်းက တာဝန်ရှိသူတွေကို စစ်ကောင်စီက အကြောင်းကြားလာကြောင်း မတ် လ ၁၃ ရက်က ထုတ်လွှင့်ခဲ့တဲ့ RFA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အဲဒီမှာ သေဆုံးသွားတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာအများစုဟာ စစ်တွေမြို့က ဘင်္ဂါလီ/ရိုဟင်ဂျာဒုက္ခသည် စခန်းတွေက လူငယ်တွေဖြစ်ပြီး စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို အတင်းဓမ္မစစ်သားစုဆောင်းတာနဲ့ ပတ်သက်ပြီး IOM မှ မစ္စတာပေါ်လ်ဂရင်းနင်းက “ရခိုင်နဲ့ ရိုဟင်ဂျာကြား အပြန်အလှန် မလိုမုန်းထားစိတ်တွေ ဖြစ်လာစေနိုင်တဲ့လုပ်ရပ်အဖြစ် ကျနော်လည်း ရှုမြင်ပါတယ်။ ဒီတော့ စစ်သားအရေအတွက်တိုးဖို့ သက်သက်အတွက် ဒီစစ်မှုထမ်းဥပဒေကို အသုံးချနေတာ မဟုတ်ဘူးလို့ ကျ နော်ပြောတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အဓိကရည်ရွယ်ချက်ဟာ ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာ အကြား ပြဿနာတွေကို တဖန်ပြန်မီးမွှေးပေးပြီး တောက်လောင်စေဖို့ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။” လို့ ဧပြီ ၂၂ ရက်က ဘီဘီစီ မြန်မာပိုင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ 

သူဟာ စစ်တွေအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ IOM မှာ ပရောဂျက် မန်နေဂျာအဖြစ် ၂၀၁၇ ခု နှစ်မှ ၂၀၂၀ အထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေး၊ စစ်မြေပြင်ကို ပို့ဆောင်နေတဲ့အပြင် ဘင်္ဂါလီ/ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA, RSO တို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျူ (USIP)ရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီတပ်နဲ့ အာရကန် ဘင်္ဂါလီ/ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)အဖွဲ့က ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်လို့ ပြောဆိုစည်းရုံးမှုတွေရှိကြောင်း ဖော်ပြထားပါတယ်။ 

ဇူလိုင်လ ၁၇ ရက်က စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ RSO ဟာ မောင်တောမြို့ပေါ်က ရခိုင်၊ ဟိန္ဒူနဲ့ သူတို့အဖွဲ့ကို မထောက်ခံတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို မီးရှို့ဖို့ လုပ်ရာမှာ ဘင်္ဂါလီ/ရိုဟင်ဂျာ သက်ကြီးရွယ်အို အများအပြားက ငိုယို ဒူးထောက်တောင်းပန်ခဲ့ရကြောင်း ရခိုင်ပြည်ရှိ ဘင်္ဂါလီ/ရိုဟင်ဂျာလူမျိုးတွေနဲ့ပတ်သက်ပြီး အထူးပြုရေးသားနေတဲ့ The Arakan Express News (AEN) သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီ RSO အဖွဲ့ဟာ ကညင်တန်းဘုန်းကြီးကျောင်းထဲ ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော်ကို ရန်ရှာနေတာကြောင့် ဆရာတော်နဲ့ ဘုန်းကြီးကျောင်းကို အကြမ်းမဖက်ဖို့ ဘင်္ဂါလီ/ရိုဟင်ဂျာ ရပ်မိရပ်ဖတွေက အနူးအညွတ် တောင်းပန်မှ ပြန်လည်ထွက်ခွာသွားတယ်လို့လည်း အဲ့သတင်းထဲမှာ ရေးသားဖော်ပြထားပါတယ်။ 

နှစ်ဘက်အသိုင်းအဝိုင်းကြားက တိုးတက်ကောင်းမွန်ခဲ့တဲ့ ဆက်ဆံရေးတချို့

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကြောင့် နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ အမုန်းတရားတွေကြီးစိုးခဲ့ပြီး ၂၀၁၇ မှာတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ဘင်္ဂါလီ/ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

ဒါပေမယ့်လည်း လူမျိုးရေးပဋိပက္ခတွေကြောင့် ဆက်ဆံရေးတင်းမာခဲ့ကြတဲ့ ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာအသိုင်း အဝိုင်းကြားမှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နှစ်ဘက်အသိုင်းအဝိုင်းကြားမှာ သဘောထားအမြင်တွေ သိသိသာသာ ပြောင်းလဲလာပြီး ကူးလူးဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်မြင်တွေ့ လာရပါ တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ 

ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင် ၉ ရက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ "ကုရ်ဘာနီနေ့" အထိမ်းအမှတ်အဖြစ် ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာအမျိုးသား ၈ ဦးကို ပြန်လွှတ်ပေးခဲ့တာ၊ ဘင်္ဂါလီ/ရိုဟင်ဂျာ ကျေးရွာတချို့က ဒေသခံပြည်သူ ၄၅၀ အတွက်လည်း အဝတ်အထည်တွေ လှူဒါန်းပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည် တိုက်ပွဲကာလအတွင်းမှာလည်း ဘင်္ဂါလီ/ရိုဟင်ဂျာလူမျိုးတွေကို တိုက်ပွဲတွေကြားက ကယ်ထုတ်ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာမျိုးတွေ ဆက်တိုက်လုပ်ပေးခဲ့တဲ့အကြောင်းကိုလည်း အာရက္ခတပ်တော်(AA)က ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်း ထုတ်ပြန်တာတွေ လုပ်ခဲ့ပါတယ်။ 

ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာလူမျိုးစုနှစ်ခုကြားမှာ သဟဇာတဖြစ်လာဖို့ ဘောလုံးပွဲတွေ၊ ပျော်ပွဲ ရွှင်ပွဲတွေကျင်းပတာမျိုးတွေကို အာရက္ခတပ်တော် AA ဘက်က လုပ်ဆောင်လာတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အမေရိကန်အခြေစိုက် အာရက္ခမီဒီယာရဲ့ အင်တာဗျူးမှာ အာရက္ခတပ်တော် (AA)ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂါလီ/ရိုဟင်ဂျာတွေကို အုပ်ချုပ်ရေးကဏ္ဍတွေ၊ ရဲလုပ်ငန်းတွေမှာ ပါဝင်လာဖို့ မှန်းထားတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ 

ပဋိပက္ခတွေကြောင့် ဘင်္ဂါလီ/ရိုဟင်ဂျာကျောင်းသားတွေ ဆယ်နှစ်တာ တက်ရောက်ခွင့်မရရှိခဲ့တဲ့ စစ်တွေတက္ကသိုလ်မှာ ၂၀၂၂ ခုနှစ်မှာတော့ ဘင်္ဂါလီ/ရိုဟင်ဂျာကျောင်းသားတွေ ပြန်တက်ရောက်ခွင့်ရအောင် ရခိုင်ကျောင်းသားသမဂ္ဂက ဘင်္ဂါလီ/ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂနဲ့လက်တွဲကာ ကူညီဆောင်ရွက်ပေး ခဲ့ပါတယ်။ 

ဒီဖြစ်စဥ်တွေအပြင် နှစ်ဘက်လူ့အဖွဲ့အစည်းကြားက ချစ်ကြည်ရင်းနှီးမှုတွေကို ပေါ်လွင်ထင်ရှားစေတဲ့ တခြားဖြစ် စဥ်တွေလည်း ရှိပါသေးတယ်။                                                                                                                

အဲဒါကတော့ မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူဘုရားပေါင်း ဘုရားအနေကဇာတင်ပွဲမှာ ဘင်္ဂါလီ/ ရိုဟင်ဂျာနဲ့ ရခိုင်တို့ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်ပြီး ရခိုင်ရိုးရာ ကျင်ပွဲနဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာကျင်ပွဲကို ထည့်သွင်းခဲ့ကြတာပါ။

အဲဒီဘုရားပွဲတော်မှာ ကံဖေတိုက်နယ်အတွင်းရှိ ရခိုင်ရွာ ၁၄ ရွာနဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာရွာ ၄ ရွာက ဒေသခံအားလုံး ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြပြီး အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ/ရိုဟင်ဂျာတွေက တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေဟာ လူ့အဖွဲ့အစည်းနှစ်ခုအကြားက အမုန်းတရားတွေကို ချေဖျက်ပေးပြီး အရင်လို သဟဇာတရှိရှိ သင့်သင့်မြတ်မြတ် ပြန်လည်နေထိုင်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေတယ်လို့ ရခိုင် ပြည်သူတချို့က ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ လူမျိုးစုနှစ်ခုအကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် တယောက်နဲ့ တယောက် အမုန်းဒေါသတွေပိုများခဲ့ရကြောင်း ကျောက်တော်မြို့က ကိုယ်ပိုင်အထက်တန်းကျောင်း တကျောင်းမှ ရခိုင်လူမျိုးကျောင်းအုပ်ဆရာကြီး ဦးစောလွင်က ပြောပါတယ်။ 

“AA ရဲ့ အခန်းက ပိုပြီး အရေးပါလာတယ်။ ကျနော်တို့ကြီးပြင်းတဲ့ ဒေသတလျှောက်မှာဆိုရင် စစ်ကောင်စီက ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝိုင်းကို လူမှုရေးပဋိပက္ခဖြစ်အောင်လုပ်တယ်။ တယောက်နဲ့ တယောက် အမုန်း ဒေါသတွေက ပိုပြီးများတယ်။ ရခိုင်တပ်တော်ပေါ်လာပြီးနောက်ပိုင်း ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာအကြား ပိုပြီးတော့ လူမှုရေးသဟဇာတဖြစ်လာတယ်။” လို့ သူက ဆိုတယ်။

တိုက်ပွဲများအလွန် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်

ရခိုင်ပြည်သူတွေရဲ့ အားပေးထောက်ခံမှုရရှိထားတဲ့ အာရက္ခတပ်တော် AA ဟာ လက်ရှိမှာ ချင်းပြည်နယ်က ပလက်ဝနဲ့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲတို့ကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့မြို့တွေကိုလည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါတယ်။

AA အနေနဲ့ ရခိုင်တပြည်လုံးကို ထိန်းချုပ်နိုင်ပြီဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဖွဲ့စည်းပုံဥပဒေတခု ရေးဆွဲပြဌာန်းဖို့လိုကြောင်း ကျောက်တော်မြို့ရှိ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

“အဲဒီဥပဒေအောက်မှာပဲ ဘာသာ၊ လူမျိုးမခွဲခြားဘဲ ဥပဒေအတိုင်း နေထိုင်ဖို့ လိုအပ်ပါတယ်။ ဥပဒေကို ချိုးဖောက်တဲ့သူကိုလည်း ရခိုင်ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် ဥပဒေအတိုင်း တရားစီရင်ဖို့ လိုအပ်ပါတယ်။” လို့ သူ့အမြင်ကို ရှင်းပြပါတယ်။ 

တိုင်းပြည်တခုတည်ထောင်ရာမှာ လူမျိုးတစ်ခု၊ ဘာသာတစ်ခုတည်းနဲ့ တည်ဆောက်လို့ မရတာကြောင့် မတူကွဲပြားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ရင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ရမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်အရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက အခုလို ပြောပါတယ်။

“ဘယ်လောက်ပဲ ခက်ခဲပလေ့စေ ဒီငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို နှစ်ဦးနှစ်ဘက်က လိုလားကြလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ တဖက်မှာလည်း ဘယ်လိုပဲ နိုင်ငံရေးအရ ဆတ်ဆတ်ထိမခံတဲ့ အခြေအနေပဲ ဖြစ်ပလေ့စေပေါ့။ ဒီအားလုံးရဲ့ ဘုံအကျိုးစီးပွားက အင်မတန်အရေးကြီးတယ်။”

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10