စစ်ကောင်စီခန့် နတ်မောက်မြို့နယ်ပညာရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

စစ်ကောင်စီခန့် နတ်မောက်မြို့နယ်ပညာရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ စစ်ကောင်စီလက်အောက်ခံမြို့နယ်ပညာရေးမှူး မတ်လ ၄ ရက် မနေ့နေ့လယ် ၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
 
ပစ်သတ်ခံရသူဟာ နတ်မောက်မြို့နယ်ပညာရေးမှူး ဦးသန်းထိုက် အသက် ၆၀ နှစ်ဆိုသူဖြစ်ပြီး ထမင်းဆိုင်ကနေ နေအိမ်ကိုဆိုင်ကယ်နဲ့တဦးတည်းအပြန် နတ်မောက် -ပျော်ဘွယ်ကားလမ်း၊ ပြည်သူ့ဆေးရုံအနီးမှာ အမည်မသိသေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
 
"သူက အောင်ဟိဏ်းစားသောက်ဆိုင်ကနေ သူ့အသိတွေနဲ့စားသောက်ပြီး ဆိုင်ကယ်နဲ့ တယောက်တည်းပြန်လာတာ။ သူပြန်တဲ့အချိန်ကိုစောင့်ကြည့်နေတာဖြစ်မယ်။ အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်သွားတာ" လို့ ပြောပါတယ်။
 
မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ဟာ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ရင်အုံတွေမှာ သေနတ်ဒဏ်ရာ ၅ ချက်ရပြီး နေရာမှာဘဲသေဆုံးသွားတယ်လို့ သိရပါတယ်။
 
အဲဒီပစ်ခတ်မှုကို ဒေါင်းစစ်သည်ပြောက်ကျား(နတ်မောက်)နဲ့ Magway Guerrilla Warfare အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဦးသန်းထိုက်ဟာ နတ်မောက်မြို့နယ်အတွင်းက CDM ဆရာ၊ ဆရာမတွေကို စစ်ကောင်စီတပ်ကို သတင်းပေးဖမ်းဆီးခိုင်းနေပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြောင့် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းကလည်း နတ်မောက်မြို့နယ်၊ ဖျောက်ဆိတ်ကုန်းကျေးရွာအနီး နတ် မောက်-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာ Non-CDM ဖျောက်ဆိတ်ကုန်းရွာ မူလတန်းကျောင်းအုပ် ဦးဝင်းခိုင်ဟာ ကျောင်းကအပြန်ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10