စစ်ကောင်စီတပ်က ချပ်သင်းက နေအိမ်တွေ မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ချပ်သင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ချပ်သင်းတိုက်နယ် ကိုးတောင်ဘိုတိုက်နယ်၊ ပင့်သာတိုက်နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်ပြီး ဒေသခံနေအိမ်တွေက ပစ္စည်းတွေ ခိုးယူနေတယ်လို့ သိရပါတယ်။

မတ်လ ၂ ရက်နေ့က ချပ်ကြီးကျေးရွာ စစ်ကောင်စီ၊ ပျူစောထီးစခန်း တိုက်ခံရပြီးနောက်မှာ ချပ်သင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲထံကို စစ်ကောင်တပ်အင်အား ၈၀ ကျော်ထပ်ရောက်လာပြီးနောက်ပိုင်းမှာ ရွာစဥ်လှည့်ဒေသခံ နေအိမ်တွေကို မွှေနှောက်ပြီး တန်ဖိုးရှိတာတွေကို ယူဆောင်နေတာဖြစ်တယ်လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ရှိ ရဲဘော်အမျိုးသမီးက ပြောပါတယ်။

"အရင်ကတော့ သူတို့အင်အားနည်းတော့ ကင်းလှည့်ပြန်ဝင်တာလောက်ဘဲရှိတယ်။ ပြီးခဲ့တဲ့ရက်က ချပ်ကြီးပျူစခန်းတိုက်ခံရပြီးနောက် သူတို့အင်အားများလာတော့ ပိုဆိုးလာတယ်။ အိမ်တွေဝင် ပစ္စည်းတွေ ယူတော့တာဘဲ။ စစ်ကြောင်းလိုက်ထိုးပြီး ပစ္စည်းတွေယူတယ်။ ရွာတွေကိုဝင်ချိန် လက်နက်ကြီးတွေပစ်တယ်။ ရွာသားတွေ ထွက်ပြေးရင် ရှိတာအကုန်ယူတယ်။ ဝက်တွေကြက်တွေက အစ သတ်ဖြတ်ချက်စားပြီး ထားခဲ့တာ။ ပြီးရင် ချပ်သင်းမှာ လာပြန်နေတာ" လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့က ပြောပါတယ်။


စစ်ကောင်စီဘက်က ဒေသခံတွေရဲ အိုးအိမ်ဖျက်ဆီးပြီး ပစ္စည်းတွေ ယူနေတာကို တားဆီးဖို့ ကြိုးစားပေမယ့် လူအင်အား၊ လက်နက်အင်အား သာလွန်နေတာကြောင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဆင်နွဲနိုင်တာမရှိဘဲ မိုင်းထောင်၊ ပစ်ပြေးအဆင့်သာ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

ချပ်သင်းစစ်ကောင်စီအဖွဲ့ဟာ အင်းမ၊ ပုဏ္ဏားကြီး၊ ပင့်သာ၊ အောက်တဲ၊ ပုဏ္ဏးငယ်၊ ဇီးကုန်း၊ ပင့်သာကြီး၊ ဆားကျင်း၊ ပေါက်တော၊ နှောကုန်း၊ ကံကြီးကျေးရွာတွေအပါအဝင် နီးစပ်ရာရွာတွေကို ဝင်မွှေလေ့ရှိတယ်လို့ သိရပါတယ်။

ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်တွေ ဝင်မွှေနေတာကြောင့် စစ်ကောင်စီလာချိန် ထွက်ပြေးပြီး ပြန်သွားချိန် ရွာပြန်နေသူတွေရှိသလို ကျေးရွာကို ပြန်မလာရဲဘဲ တောတောင်ထဲမှာပဲ နေရသူတွေလည်း ရှိနေပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10