စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ ၅၀ ကျော် ဝေါပကဖဆီရောက်ရှိ စစ်သင်တန်းတက်နေ (ရုပ်/သံ)

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပြဌာန်းလိုက်ပြီးနောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ ဒေသအသီးသီးက PDF အဖွဲ့တွေဆီကို ဝင်ရောက်ပူးပေါင်းလာနေကြပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းကစတင်လို့ ဝေါမြို့နယ်ပကဖအဖွဲ့ဆီကို နယ်ပေါင်းစုံကနေ လာရောက်နေထိုင်သူတွေ ၅၀ ဦးထက်မနည်းရှိခဲ့တယ်လို့ ဝေါပကဖ ဆီကသိရပါတယ်။

ဝေါပကဖထံ ရောက်ရှိလာတဲ့ လူငယ်တွေဟာ စစ်မှုထမ်းရမှာကြောက်ပြီး ပြည်ပထွက်ဖို့လာသူတွေမဟုတ်ဘဲ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ရောက်လာသူတွေဖြစ်လို့ သူတို့တွေကို အခြေခံစစ်ပညာသင်ကြားပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

အသစ်ရောက်ရှိလာတဲ့ လူငယ်တွေရဲ့ နေထိုင်စားသောက်မှုကို အလှူရှင်တွေရဲ့ပံပိုးကူညီမှုတွေနဲ့ စီစဥ်ပေးထားပြီး စစ်ပညာကိုတော့ KNLA က တပ်ဖွဲ့ဝင်တွေနဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေဘက်က စစ်ရေးအတွေ့အကြုံရှိသူတွေက သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ဝေါပကဖထံ လာရောက်ပူးပေါင်းသူတွေကလည်း မိသားစုဝမ်းရေးပြသနာတွေကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့နှောင့်နှေးခဲ့ကြပေမယ့် မြို့ရွာတွေမှာ နေထိုင်လို့မရအောင် စစ်ကောင်စီဘက်က ဖိအားပေးလာတဲ့အခါမှာ တော်လှန်ရေးအဖွဲ့တွေထံကို လာရောက်ပူးပေါင်းကြတယ်လို့ ဝေါပကဖထံ ဝင်ရောက်လာသူ ကိုမြေကြီးက ပြောပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းသင်တန်း ပထမအပတ်စဉ်ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာဖြစ်ပြီး အပတ်စဉ်တစ်ခုကို လူ ၅၀၀၀ နှုန်း၊ တနှစ် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်တာ၊ စစ်မှုမထမ်းနိုင်အောင် ကြိုးပမ်းသူတွေကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #ပကဖ #စစ်သင်တန်း #တပ်သားသစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10