စစ်ကောင်စီနဲ့ AA တို့အကြား အပစ်အခတ်ရပ်စဲလိုက်တဲ့အပေါ် ရခိုင့်နိုင်ရေးသမားတွေနဲ့ ပြည်သူအချို့ ဘာပြောလဲ

စစ်ကောင်စီနဲ့ AA တို့အကြား အပစ်အခတ်ရပ်စဲလိုက်တဲ့အပေါ် ရခိုင့်နိုင်ရေးသမားတွေနဲ့ ပြည်သူအချို့ ဘာပြောလဲ

တကျော့ပြန်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်(AA)တို့အကြား လူသားချင်စာနာထောက်ထားမှုအရ နိုဝင်ဘာ၂၆ရက်က စတင်ပြီးတော့ အပစ်အခတ်ရပ်စဲလိုက်တယ်လို့ နှစ်ဖက်လုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခရီးသွားလာရေး ကန့်သတ်ခံရတာတွေ၊ စားနပ်ရိက္ခာဖြတ်တောက်ခံထားရတာတွေ၊ လယ်သမားတွေစပါးရိတ်သိမ်းရာသီရောက်လာပြီဖြစ်တာတွေကြောင့် အခုလိုအပစ်အခတ်ရပ်စဲရတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မြေလတ်အသံကို ပြောဆိုထားပါတယ်။

ဒီလိုတပ် နှစ်ခုအကြား အပစ်အခတ်ရပ်စဲ ထားတာနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေ၊ ရခိုင်ပြည်နယ်က CSOအဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေရဲ့သဘောထားအမြင်တွေ ဘယ်လိုရှိနေလဲဆိုတာကို မြေလတ်အသံက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဦးဖေသန်း (ရခိုင့်ဝါရင့်နိုင်ငံရေးသမား/လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

အခုလိုအပစ်ခတ်ရပ်စဲတာက တရားဝင်တော့မဟုတ်။ နားလည်မှုနဲ့ရပ်စဲထားတာဖြစ်တယ်။ ဒီအချက်က ကတိကဝတ်တွေဘယ်လောက်ပါလဲ ကျနော်တို့မသိဘူး။ ဒါပေမဲ့လည်း သူတို့ပြောထားတာက လူသားချင်းစာနာထောက် ထားချက်အရလို့ပြောထားတယ်။ ဆိုလိုတာက အခုလောလောဆယ် ပြည်သူတွေအခက်အခဲ ရောက်နေကြရတယ်။ တရွာနဲ့တရွာ တမြို့နဲ့တမြို့ကို အသွားအလာပိတ်ထားတာတွေ၊ ရိက္ခာ ၊ဆေးဝါးတွေကိုပိတ်ထားတာတွေ၊ကျေးရွာတွေ ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေဖမ်းဆီးသတ်ဖြတ်တာတွေ လျော့သွားဖို့။ နောက်တချက်က လယ်သမားတွေတလင်းသိမ်းချိန်ရောက်လာပြီ။ ဒီအချိန်မှာ လယ်သမားတွေ လွတ်လွတ်လပ်လပ် တလင်းသိမ်းပြီးတော့ ရရှိထားတဲ့ စပါး၊ ဆန်တွေကို သိုလှောင်ထားနိုင်ဖို့ ဒီလိုလူသားချင်းစာနာထောက်ထားတဲ့ အပစ်အခတ်ရပ်စဲရေးလို့သာ AAဖက်ကပြောထားတယ်။ လောလောဆယ်မှာတော့ခါ သူတို့က ဘယ်လောက်အထိဆက်ပြီးတော့လုပ်မလဲဆိုတာထက် သူတို့လုပ်ထားသလို အပစ်အခတ်ရပ်စဲတာ ဖြစ်လာသလားဆိုတာကို ပထမဆုံး ကြည့်ရဖို့။ ဆိုလိုတာကအရင်တုန်းကဆိုရင် လက်နက်ကြီးနဲ့ ဟိုစခန်းပစ်ခတ်၊ ဒီစခန်းပစ်ခတ်နဲ့ တဖက်နဲ့တဖက်တိုက်နေကြတယ်။ ဒီလိုဟာတွေနဲ့တော့တိုက်ရိုက်ပတ်သက်တယ်။ ဒီနေ့အချိန်အခါ ရွာတွေကိုလက်နက်ကြီးကျသေးလား၊ စခန်းတွေကအမြောက်ကြီးတွေနဲ့ ပစ်နေတုန်းလား၊ မဟုတ်ဘဲ တိုက်ပွဲတွေဖြစ်နေတုန်းလား ဒီဟာတွေကနားလည်မှုနဲ့ရပ်စဲတာမှာ တိုက်ရိုက်အကျုံးဝင်တယ်။ ဒုတိယအားဖြင့် ဆက်ပြီးတော့ဘယ်လောက်ညှိနှိုင်းထားလည်း ဆိုတာကျနော်တို့မသိ။ ဥပမာဖမ်းဆီးထားသူတွေကို စကစကလွှတ်ပေးဖို့လား၊ နောက်ထပ် ဖမ်းဖို့လားဆိုတဲ့အပိုင်းကျတော့ ဘယ်လောက်အထိ ဆွေးနွေးထားလဲဆိုတဲ့အပေါ်မှာမူတည်ဖို့။ အပစ်အခတ်ရပ်စဲတာက ရပ်စဲရုံတခုပဲလား ဖမ်းဆီးမှုတွေ၊ ULA/AAဖက်က တည်ဆောက်ထားတဲ့ တရာစီရင်ရေး၊ အုပ်ချုပ်ရေးတွေနဲ့ ပတ်သက်လို့က စကစဖက်ကအနှောက်အယှက်ပေးလာဖို့လား ULA/AAကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီးတော့ ဖမ်းဆီးမှုတွေရှိလာဖို့လား ဒီလိုအခြေအနေတွေဖြစ်လာရင် AAအနေနဲ့ ဘယ်လိုသဘောတူညီမှုရှိနေလဲဆိုတာကိုတော့ စောင့်ကြည့်ရဖို့ဖြစ်တယ်။

ဦးမြတ်ထွန်း (ဒါရိုက်တာ-ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့)

အပစ်အခတ်ရပ်ထားတာကိုတော့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပစ်အခတ် မရပ်စဲခင်တုန်းက စစ်ကောင်စီက ခရီးသွားခွင့် ပိတ်ထားတယ်။ တပ်ရင်း၊ တပ်မတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူတွေသေကြရတယ်။ ကျေးရွာတွေကိုစွန့်ခွာထွက်ပြေးကြရတယ်ပေါ့ ဒုက္ခအမျိုးမျိုးနဲ့ကြုံခဲ့ရတယ်။ အဲဒါ ကြောင့်ပြည်သူတွေ ဒုက္ခရောက်နေကြရလို့ AA အနေနဲ့ စကစဖက်ကအပစ်အခတ်ရပ်စဲဖို့ကမ်း လှမ်းလာတာကို လက်ခံလိုက်တဲ့သဘောလို့မြင်မိတယ်။ ဒီလိုမဟုတ်ရင် သူတို့အနေနဲ့လည်း အခက်အခဲရှိလာတယ်။ စစ်ကောင်စီအနေနဲ့ လည်း လက်နက် ကြီးပစ်ခတ်လို့ ပြည်သူတွေ သေတိုင်း၊သေတိုင်း စစ်ရာဇဝတ်မှုကိုကျူးလွန်တယ်ဆိုပြီးတော့ သဘောမျိုး သက် ရောက်နေတဲ့အခါ လူတွေသေတိုင်းပြစ်မှုကျူးလွန်တာတွေဖြစ်လာတယ်။ ဒီလိုတွေမဖြစ်ရအောင်ဆို ပြီးတော့ စကစကလည်း ပြန်ကြည့်တဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်လို့ ထင်မိတယ်။ အဲဒါကြောင့် အပစ်ရပ်စဲရေးကို အမှန်တကယ်အပစ်ရပ်စဲတယ်ဆိုတော့ခါ ကျနော်တို့အနေနဲ့ကြိုဆိုတယ်။ အဓိကတော့ ပြည်သူတွေနစ်နာချက်တွေကို ကာကွယ်ပေးဖို့ လုပ်တယ်ဆိုပြီးတော့ ထင်မြင်ယူဆတယ်။  

ကိုငွေလှိုင် (ရခိုင်ပြည်သူတဦး)

ကျနော်တို့က လွတ်လပ်ရေးလိုသည်ဖြစ်စေ၊ ကွန်ဖက်ဒရယ်လိုသည်ဖြစ်စေ ၊ဖက်ဒရယ်လိုသည်ဖြစ်စေ လက်နက် ကိုင်တိုက်ပွဲဆိုတာကတော့ ရှိနေဖို့ဟာပဲ။ ဒီအပေါ်မှာအထိနာဖို့ဆိုတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်။ ပြီးတော့ ဒီအပေါ်မှာပြည်သူတွေအနေနဲ့ အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကိုတော့ စဥ်းစားရဖို့ဖြစ်တယ်။ ကျနော်တို့မှာက လက်နက်ကိုင်တိုက်ပွဲဖော်ဆောင်ဖို့အတွက် ပြည်သူပါဝင်ရဖို့လည်းပြောကြတယ်။ ပြည်သူထိခိုက်မှာကိုကြောက်လို့ အပစ်ရပ်စဲလိုက်ရတာလို့လည်းပြောကြတယ်။ အပစ်အခတ်ရပ်စဲတဲ့အပေါ်မှာကောင်းတယ်လိုပြောဖို့အတွက် အခြေအနေတချို့ကတော့လိုအပ်ဖို့။ နိုဝင်ဘာ၂၆ရက်နေ့ကအပစ်အခတ်ရပ်စဲတယ်လို့ပြောကြတယ်။ စကစကတော့ နိုဝင်ဘာ၂၄ရက်​အထိ ပြည်သူတွေကိုဖမ်းနေတုန်းပဲ။ သဘောက အပစ်အခတ်ရပ်စဲလိုက်တာက ရပ်စဲလိုက်တာလား၊ အဖမ်းအဆီးကျတော့မရပ်စဲလားဆိုတာကို ကျနော်တို့မှာပြောစရာတွေရှိလာပါတယ်။ ULA/AAနဲ့ ပြောရဖို့ဆိုရင်တော့ သူတို့နဲ့ပတ်သက်လို့ဖမ်းဆီးထားတဲ့ ပြည်သူတွေအများကြီးရှိတယ်။ အဲဒီအပေါ်မှာ ULA/AAနဲ့ပတ်သက်တယ်ဆိုပြီးတော့ ခေါင်းစဥ်တပ်ပြီးတော့ဖမ်းတယ်။နှစ်ဖက်သဘောတူ ငြိမ်းချမ်းရေးလုပ်ဖို့လိုအပ်ချက်အရ သူတို့ကို ပြန်လွှတ်ပေးဖို့လား။ ကျနော်တို့လိုချင်တာကတော့ ဒီလို။ သဘောက ငြိမ်းချမ်းရေးကိုလိုလားလို့ စစ်ကောင်စီဖက်က သော်လည်းကောင်း၊AAဖက်က သော်လည်းကောင်း နှစ်ဦး သဘောတူငြိမ်းချမ်းရေးအနေအထားနဲ့ လွှတ်ပေးတယ်ဆိုရင်တော့ ကျနော်တို့ဖက်က ဘာမှပြောစရာမရှိ။ ဒီလိုမဟုတ်ပဲနဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်နဲ့လွှတ်ပေးတာက ငြိမ်းချမ်းရေးအတွက် လွှတ်ပေးတာမဟုတ်ပါ။ စစ်မတိုက်တော့ဘူး ဆိုရင်တော့ နှစ်ဖက် ကတိကဝတ်တွေကိုလိုက်နာရပါဖို့။ စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုပုံစံစောင့်ရှောက်မလဲ၊ စစ်ရာဇဝတ်မှုကျူးလွန်ခံရတဲ့ပြည်သူတွေကိုရော စိတ်ပိုင်း ဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေကို ဘယ်လိုပြန်လို့ကုစားမလဲ။ ဥပမာ ပုဏ္ဏားကျွန်းမြို့က ၅၅၀ တပ်ရင်းဆိုရင် အရင်တိုက်ပွဲကာလမှာ ကျောက်ဆိပ်ရွာကလူတွေကို မတရားဖတ်ဆီး၊ သတ်ဖြတ်ခဲ့တယ်။ အခုတိုက်ပွဲမှာလည်း ၅၅၀ တပ်ရင်းကပဲ ဆင်အင်းကြီးရွာကိုမီးရှို့ပြီးတော့ ရွာသားတွေကိုသတ်ဖြတ်ခဲ့ကြတယ်။ အဲဒါတွေ ကိုဝန်ခံဖို့အစီအစဥ်ရှိလား။ နောက်တခုက ဒုက္ခသည်ကိစ္စမှာ ကျနော်တို့ပြည်သူတွေအများကြီး ထမင်းငတ်ကြရတယ်။ ဒီအပေါ်မှာအကြောင်း ပြချက်ပေးလာတာက ULA/AAကပဲ ပေးလာတယ်။ သဘောက AAလောဘီတွေကပေါ့ ဒီလူတွေငတ်နေကြလို့ပေါ့။ ဒီလူတွေငတ်နေရင် ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ကိစ္စမှာ စစ်ကောင်စီကလည်းပါတယ်။ ထမင်းငတ်နေတာကို စစ်ကောင်စီကရော တာဝန်မယူဘူးလား။ စကစအနေအထားနဲ့ ကြည့်ဖို့ဆိုရင် ဒုက္ခသည်တွေကလည်း သူတို့ရဲ့ပြည်သူတွေပဲ။ပြီးတော့ မြေမြုပ်မိုင်းကိစ္စ။ နေရပ်ကိုပြန်ပို့ဖို့ကိစ္စမှာ မြေမြုပ် မိုင်းကအရေးအကြီးဆုံးပါ။ ဒီမိုင်းတွေဘယ်လို လုပ်မလဲ၊သူတို့ထောင် ထားတဲ့မိုင်းကို သူတို့ပြန် ဖော်ပေးမှာလား။ဒါမှမဟုတ် ကျနော်တို့ပြည်သူတွေထပ်ခံရမှာလား။အဓိကပြောချင်တာကတော့  နှစ်ဖက်ကတိကဝတ်ရှိရဖို့၊ အပတ်အခတ်ရပ်စဲလိုက်တယ်ဆိုတာနဲ့ စစ်ကောင်စီဖက်က နောက်ထပ်ဒီလိုစစ်ရာဇဝတ်မှုမျိုး မကျူးလွန်ပါဆိုပြီး ကတိကဝတ်ရှိမှသာ ကျနော်တို့ဖက်က ယုံကြည်စိတ်ချပြီးတော့ လက်သင့်ခံ ဖို့ဖြစ်သင့်တယ်လို့မြင်ပါတယ်။

ဒေါ်စောစံငြိမ်းသူ (ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ)

ကျမတို့အနေနဲ့ ပြည်သူလူထုတွေနစ်နာ ဆုံးရှုံးမှုဖြစ်တာမျိုးကိုမဖြစ်စေချင်ဘူး။ တဖက်နဲ့တဖက်တိုက်ပွဲဖြစ်လို့ရှိခဲ့ရင်လည်း တိုက်ပွဲဖော် ဆောင်နေကြတဲ့တပ်နှစ်ဖက်ကြားမှာဖြစ်စေ၊ တပ်နှစ်ဖက်ကြားမှာသာတိုက်ပွဲအနေအထားမျိုးကိုဖြစ်စေချင်တယ်။ နှစ်ဖက်တိုက်ပွဲကြောင့်  ပြည်သူလူထုကို ထိခိုက်နစ်နာမှုရှိစေတဲ့ အနေ အထားမျိုးကိုကျတော့ခါ ကျမတို့အနေနဲ့မလိုလားပါ။ အခုကြားထဲမှာဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုတွေကိုအများ ကြီး ထိခိုက်နစ်နာသွားစေခဲ့တယ်။ တဖက်မှာလည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲ့ အခြေအနေတွေကြောင့် ပြည်သူလူထုရဲ့ကျန်းမာရေးခံစားပိုင်ခွင့်တွေ နစ်နာဆုံးရှုံးခဲ့ကြရတယ်။ အရေးပေါ်လူနာတွေအသက်သေဆုံးတာတွေတောင်ရှိခဲ့ကြတယ်။ အစားအသောက် ကိစ္စတွေနဲ့ဆိုရင်လည်း ထိုနည်း၎င်းပါ။ ကုန်သွယ်မှုမလုပ်နိုင်တဲ့အခြေအနေကျတော့ခါ ပြည်သူလူထုတွေ စားနပ်ရိက္ခာအကြပ်အတည်းတော်တော်လည်းဖြစ်နေကြရတယ်လို့ ကြားသိနေရတယ်။ အဲဒါကြောင့် အပစ်အခတ် ရပ်စဲရေးလုပ်တယ်ဆိုတာထက် ဘယ်အခြေ အနေမျိုးမှာမဆို ပြည်သူလူထုတွေကိုထိခိုက် နစ်နာစေလိုတဲ့ အနေအထားမျိုးကိုလျော့ချတာ က ကျမတို့အတွက် ဝမ်းသာစရာလို့ပြောလို့ရပါ တယ်။

ဦးထွန်းကြည်(ဒါရိုက်တာ-ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာ)

အပစ်အခတ်ရပ်စဲတဲ့ကိစ္စကတော့ ဆန်းပြားတဲ့ ကိစ္စတခုတော့မဟုတ်ဘူး။ တော်လှန်ရေးရဲ့ သဘောသဘာဝကိုယ်၌က တော်လှန်ရေးထဲမှာ ရှိတဲ့ကိစ္စတခုဖြစ်တယ်။ လက်ရှိအချိန်ကလည်း အားလုံးသိတဲ့အတိုင်း စစ်ကောင်စီဖက်က နှစ်ဖက်ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲပြင်းထန်တယ်ဆိုတာထက် ပြည်သူတွေကိုပစ်မှတ်ထားပြီးတော့ ရိက္ခာဖြတ်တောက်တာတွေ၊ လမ်းကြောင်းဖြတ်တောက်တာတွေ ကုန်စည်ဖြတ်တောက်တာတွေ ပြီးတော့လူထုကိုဖမ်းဆီးနေတာတွေက စစ်ကောင်စီအနေနဲ့ လူထုကိုပိုပြီးတော့ သုံးလာတဲ့ဗျူဟာကို လက်ကိုင်ထားတယ်ပေါ့။ အဲဒီအတွက်ကြောင့် လတ်တလောမှာ ယာယီအပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာကို ကျနော့်အနေနဲ့ကြိုဆိုတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10