စစ်ကောင်စီလက်နက်စက်ရုံတွေ ဘယ်လိုပျက်စီးနေသလဲ (ဆောင်းပါး)

စစ်ကောင်စီလက်နက်စက်ရုံတွေ ဘယ်လိုပျက်စီးနေသလဲ (ဆောင်းပါး)

စစ်ကောင်စီတပ်၏ အဓိကထောက်တိုင်၊ လက်နက်ထုတ်လုပ်ရေးတပ်များဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တချို့သည် နယ်မြေလုံခြုံမှု မရှိခြင်း၊ ထုတ်လုပ်ရေးစစ်သားအင်အားနည်းပါးခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရသည်။

အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDFတပ်ဖွဲ့များ ထိန်းချုပ်မှုအားကောင်းသော မြို့နယ်များတွင်ရှိနေသည့် ကပစတပ်များသည် နယ်မြေလုံခြုံရေးကိုသာ အဓိကထားလုပ်ဆောင်နေရခြင်းကြောင့် ထုတ်လုပ်ရေး လုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိကြတော့ပေ။ 

ထို့အပြင် ရှေ့တန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ အသေအဆုံးများနေပြီး အင်အားလိုအပ်ချက်များရှိနေခြင်းကြောင့် ကပစ စစ်သားများကို ရှေ့တန်းစစ်ဆင်ရေးများအတွက်ပါ ထုတ်နုတ် ပို့ဆောင်နေရသည်။ 

ထို့ကြောင့် လက်ကျန် စစ်သားအနည်းငယ်နှင့် အမျိုးသမီးအရပ်သားဝန်ထမ်းများဖြင့်သာ ကပစစက်ရုံများကို လည်ပတ်နေရသည်။ လည်ပတ်နိုင်သည့်စက်ရုံတချို့သည်လည်း လက်နက်၊ ခဲယမ်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နားရက်မရှိ အပြင်းအထန်လုပ်ဆောင်နေရကြောင်း ကပစတပ်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

 

မြန်မာပြည်ထဲက ကပစ စက်ရုံများ

စစ်ကောင်စီတပ်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၁ မှ ၂၅ အထိ၊ တပ်မတော်အကြီးစားစက်ရုံ (တကစ) ၁၊ ၂ ၊ ၃၊ ၁၀ စသည့် သံချပ်ကာနှင့် စစ်သုံးကားထုတ်လုပ်ရေးစက်ရုံ ၄ ခု၊  ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ ပစ္စည်းထိန်းတပ်(ကထပ)နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း(ကထက)စသဖြင့် စုစုပေါင်း ၃၁ တပ်ရှိသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (မကွေး) ကားစက်ရုံသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (မကွေး) ကားစက်ရုံသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)

မိုင်ပေါင်း ၄၀၀ ကျော် ရှည်လျားသည့် ပုသိမ်-မုံရွာလမ်းပိုင်း၏ တဖက်တချက် ရခိုင်ရိုးမ၊ ပဲခူးရိုးမတို့နှင့် ယောတောင်တန်းကို မေးတင်ပြီးဆောက်ထားသည့် ကပစတပ်များမှာ မကွေးနှင့် ပဲခူးတိုင်းအတွင်းအများစုတည်ရှိနေသည်။

ကပစ စက်ရုံများကို ပုသိမ်-မုံရွာလမ်းဘေးရှိ မကွေးတိုင်း ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ သရက်၊ အထက်မင်းလှ၊ ဆင်ပေါင်ဝဲ၊ ယောဒေသ ဆော၊ ဂန့်ဂေါမြို့နယ်များနှင့် ပဲခူးတိုင်း ပန်းတောင်း၊ ပေါက်ခေါင်း စသည့်မြို့နယ်များတွင် အဓိကတည်ဆောက်ထားပြီး ယင်းမြို့နယ်များတွင် ကပစစက်ရုံ  ၂၂ ခုအထိ ရှိသည်။

 

PDF အားကောင်းသည့် နယ်မြေထဲက ထုတ်လုပ်ရေးရပ်နားထားသည့် ကပစတပ်များ

စစ်ကောင်စီတပ်၏ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) သည် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့အခြေစိုက်တပ်ဖြစ်ပြီး ပြီးခဲ့သည့် ဆယ်စုနှစ်တခုအကြာ ၂၀၁၄ က Unity ဂျာနယ်မှာ ယင်း ကပစ ၂၄ တပ်က ဓာတုလက်နက်များလျှို့ဝှက်ထုတ်နေကြောင်း ရေးသားဖော်ပြခံခဲ့ရသည့် စက်ရုံဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကပစ ၂၄ တပ်အတွင်း ထုတ်လုပ်ရေးစက်ရုံ ၁၀ ရုံထက်မနည်းရှိပြီး ယင်းစက်ရုံများ ရပ်နားထားရသည်မှာ ကြာမြင့်ပြီဖြစ်ကာ တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပေါက်မြို့နယ်နှင့်အနီး တဝိုက်နေရာများတွင် နယ်မြေလုံခြုံရေးစေလွှတ်ထားရသည်ဟု ကပစ ၂၄ တပ်နှင့်နီးစပ်သူ တပ်သတင်းရင်းမြစ်တဦးက ပြောသည်။

“ တချို့ဆို အာဏာစသိမ်းထဲက ပြန်မလာရတာ။ ခုလက်ရှိက အထဲမှာ တပ်မိသားစုဝင်တွေလောက်နဲ့ အရပ်သားဝန်ထမ်းတွေပဲကျန်တာ။ စစ်သားအင်အားက ၃၀ လောက်ပဲရှိတယ်။ ထုတ်လုပ်ရေးအကုန် ရပ်ထားတယ်” သူက ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ဧပြီလအတွင်းကဖြစ်ပွားခဲ့သော ကပစ ၁၂ မှ ကပစ ၂၄ သို့လာရောက်သည့် လက်နက်ကြီးမော်တာဗုံးသီးအပျက်(reject)တင် တွဲကား ၃ စီးကို ပေါက်မြို့နယ်အနီး ပုသိမ်-မုံရွာလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရရှိပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့်လည်း ကပစ ၂၄ တပ်အနေဖြင့် နယ်မြေလုံခြုံရေးကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ရကြောင်း သူက ရှင်းပြသည်။

ဒေသကာကွယ်တပ်ဖွဲ့ဝင်တဦးကလည်း ပေါက်မြို့နှင့်အနီးတဝိုက်နေရာ ၁၀ ခုထက်မနည်းတွင် ကပစ ၂၄ တပ်မှ စစ်ကောင်စီတပ်သားအများအပြား တပ်စွဲထားပြီး စုစုပေါင်း အင်အား ၂၀၀ ကျော် ရှိကြောင်း ပြောသည်။

ပေါက်မြို့နယ်သည် စစ်ကောင်စီကိုတော်လှန်မှုအားကောင်းသော နယ်မြေတခုဖြစ်ပြီး ပေါက်မြို့ပေါ်နှင့် ပျူစောထီးအားကောင်းသည့်ကျေးရွာများမှလွဲလျှင် ပေါက်ဒေသနေရာအများအပြားကို ကာကွယ်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်သည်။

ထို့အပြင် ကပစ ၂၄ ကို စွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားအများအပြားရှိနေပြီး အများအားဖြင့် ပေါက်နယ်တောင်ပိုင်းရှိ စခန်းများသို့ နယ်မြေလုံခြုံရေးဝင်ရသည့် စစ်ကောင်စီတပ်သားများ  ထွက်ပြေးမှု ပိုမိုများပြားသည်ဟု ဆိုသည်။

“ ဟိုပုံးဆင်း(MCTI - Military Computer and Technological Institute)တပ်ကြပ်ကြီးတွေ ပြေးကြတာပိုများတယ်။ အရာရှိတွေလည်းပါတယ်။ ပြေးတာ ဒီ ၂ နှစ် အတွင်းကို ၄၀ ကျော်ပြီ။ PDF တွေဆီ ခိုလှုံသွားကြတာများတယ်” ဟု အထက်ပါကပစသတင်းရင်းမြစ်က ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (ထုံးဘို) သို့ သွားရောက်စဉ်။ (၂၀၁၈ ခုနှစ်)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (ထုံးဘို) သို့ သွားရောက်စဉ်။ (၂၀၁၈ ခုနှစ်)

ထုတ်လုပ်ရေးလုပ်ငန်းများရပ်ထားရသည့် ကပစစက်ရုံမှာ ကပစ ၂၄ တခုတည်းမဟုတ်ပေ။ PDF ထိန်း ချုပ်မှုအားကောင်းသည့် ယောဒေသရှိ ကျောမြို့အခြေစိုက် ကပစ ၂၃ နှင့် ဆောမြို့နယ်၊ လောင်းရှည်ဒေသအခြေစိုက် ကပစ ၂၅ စက်ရုံသည်လည်း ရပ်နားထားရသည်ဟု ကပစတပ်သတင်းရင်းမြစ်များက ဆိုသည်။ 

သီပေါမင်း၏မိခင် လောင်းရှည်မိဖုရားဇာတိ လောင်းရှည်မြို့မှာ အခြေပြုထားသည့် ကပစ ၂၅ သည် ၂၀၁၀ ခုနှစ်တွင် တပ်စတင်တည်ထောင်ခဲ့ပြီး လက်ရှိအထိ တပ်သက်တမ်း ၁၄ နှစ်ခန့်ရှိပြီဖြစ်ကာ စက်ရုံမှူးမှာ ဗိုလ်မှူးကြီး ရန်အေး ဆိုသူဖြစ်သည်။

“ ကပစ ၂၅ က ယမ်းထုတ်မယ့်တပ်။ ၂၀၁၇ လောက်အထိ မြေသိမ်းကိစ္စတွေကြောင့် ဒေသခံတွေနဲ့ ပြဿနာဖြစ်နေလို့ နေရာပြောင်းနေရတာ။ အဲ့ဒီနောက်ပိုင်းမှ  အဆောက်အဦတွေဆောက်ပြီး စထုတ်မလို့ ရှိသေးတာ။ အာဏာသိမ်းပြီးတော့ အဲ့ဒီဘက်က လုံးဝ PDF နယ်မြေဖြစ်နေတော့ ခုထိ လုပ်ငန်းတွေ အကုန် ရပ်သွားတာ” လို့ ကပစတပ်သတင်းရင်းမြစ်တဦးက ပြောသည်။

ကပစ ၂၅ တည်ရှိရာလောင်းရှည်ဒေသနှင့် စေတုတ္တရာနယ်အစပ်ကို စစ်တပ်ဘက်က စိုးမိုးထားနိုင်သော်လည်း အဆိုပါတပ်ရင်းသို့ ဝင်ရောက်သည့် ဆော-ဆိပ်ဖြူလမ်းပိုင်း၊ ဆော-ကျောက်ထုလမ်းပိုင်းတို့အပါအဝင် ဆောဒေသတခုလုံးကို ဒေသကာကွယ်ရေးတပ်များမှ ထိန်းချုပ်ထားနိုင်သည်။

“ ဒီလမ်းတွေကို တပ်က မသုံးရဲတော့ဘူး။ အာဏာသိမ်းပြီးအစောပိုင်းအထိ ဆောစီးပွားရေးဘဏ်မှာ လစာထုတ်ကြတာ။ နောက်ပိုင်း သီးကုန်းနဲ့လောင်းရှည်ကြားမှာ မိုင်းဆွဲခံရတာများလာလို့ အဲ့လမ်းကို မသုံးရဲတော့ဘဲ ချောက်ဘဏ်ကို ပြောင်းရတဲ့အထိပဲ” ဟု အထက်ပါသတင်းရင်းမြစ်က ရှင်းပြသည်။

ကပစ ၂၅ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆောမြို့ပေါ် ရဲစခန်း၊ စစ်ကောင်စီရုံးများတွင်သာ တပ်စွဲနေရာယူထားနိုင်ပြီး မြို့ပေါ်ရပ်ကွက်များအပါအဝင် တမြို့နယ်လုံးနီးပါးကို ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင်သဖြင့် စစ်တပ်ထောက်ခံသည့်တယ်လီဂရမ်တချို့တွင်လည်း မကြာခဏဝေဖန်ခံနေရသည်။

လက်ရှိတွင်လည်း ဆောနယ်နှင့်ကန်ပက်လက်နယ်အစပ် ကျင်ဒွေးဒေသတဝိုက်တွင်  တိုက်ပွဲများဖြစ်ပွား နေသည် မှာ ၃ လကျော် ကြာမြင့်ပြီဖြစ်သည်။ 

ထို့အပြင် တော်လှန်အင်အားစုများသည် ကပစ ၂၁၊ ၂၂ တို့နှင့် အနီးဆုံးဖြစ်သည့် ဆော-ဆိပ်ဖြူလမ်းပိုင်းရှိ ကဇွန်းမရဲစခန်းအနီးအထိ တိုက်ပွဲတချို့ဖော်ဆောင်နိုင်ခဲ့ကာ အဆိုပါ ကပစ ၂၁၊ ၂၂ နှင့် စေတုတ္တရာအခြေစိုက် ကပစ ၂၀ တို့ကို တာဝေးပစ်ရှော့ဒုံးများဖြင့် မကြာခဏဆိုသလိုပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။

ကပစ ၂၃ သည် ဂန့်ဂေါနယ်အတွင်း အကြီးဆုံးစစ်တပ်ဖြစ်ပြီး ကျောမြို့တွင်တည်ရှိသည်။ ကျောမြို့ထိပ် အဝင်ဂိတ်နှင့် ကပစ ၂၃ အတွင်း စစ်ကောင်စီတပ်သားများနေထိုင်ရာ အဆောက်အဦများအနီးရှိ ဂိတ် ၂ ခုကြား အကွာအဝေးမှာ ၁၄ မိုင်ခန့်ရှိသည်အထိ ကျယ်ပြန့်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (မကွေး) ကားစက်ရုံသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (မကွေး) ကားစက်ရုံသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)

PDFများဝန်းရံနေသည့် ယင်းကပစတပ်သည်လည်း ထုတ်လုပ်ရေးလုပ်ငန်းများမလုပ်နိုင်ဘဲ စက်ရုံ တိုက်ခိုက်မခံရရေးကိုသာ အဓိကထားဆောင်ရွက်နေရပြီး တပ်ရင်းရှိ တပ်သားများအားလုံးနီးပါး တပ်ပတ်လည် ကျောဒေသတဝိုက်နှင့် ရေမျက်နီ၊ ဂန့်ဂေါဒေသတလျှောက် လုံခြုံရေးထွက်နေရကြောင်းသိရသည်။

“ တပ်မှာ နောက်ချန်အင်အား ၂၀ နဲ့ ၃၀ ကြားလောက်ပဲ ရှိတယ်။ ကျန်တဲ့ အရပ်သားဝန်ထမ်းတွေနဲ့ စက်ရုံတွေ သန့်ရှင်းရေးလုပ်တာလောက်နဲ့ စက်တွေ မမောင်းတာကြာရင် ပျက်စီးမှာစိုးလို့ မောင်းပေးရတာမျိုးလောက်ပဲ လုပ်နေတယ်” လို့ အဆိုပါတပ်နှင့်နီးစပ်သူ နောက်ထပ်သတင်းရင်းမြစ်က ရှင်းပြသည်။

 

ထူးခြားတဲ့ စက်ရုံမှူးအပြောင်းအလဲတချို့

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်းမှာပင် ကပစ ၂၄ တပ်မှ စက်ရုံမှူး ဗိုလ်မှူးကြီး တင်မောင်ဝင်းကို နေပြည်တော်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)သို့ပြောင်းရွှေ့လိုက်ပြီး ၎င်း၏နေရာတွင် ခြေလျင်တိုက်ခိုက်ရေးတပ်မှ ဗိုလ်မှူးကြီး ၁ ဦးဖြင့် အစားထိုးခန့်အပ်ခဲ့သည်ဟု ကပစ ၂၄ နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“ ခြေလျင်က ပြောင်းလာတာ ရက်ပိုင်းပဲရှိသေးတယ်။ တပ်မှူးအသစ်ရဲ့ နာမည်တောင်မသိရသေးဘူး။ ခြေလျင်ပုံစံနဲ့ အုပ်ချုပ်မယ် ထင်တယ်” ဟု သူကသုံးသပ်သည်။ 

ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရသလို ကပစ ၂၄ ဟာ PDF စိုးမိုးနယ်မြေအတွင်းရောက်ရှိနေတာကြောင့် စစ်ရေးလုပ်ဆောင်ချက်များ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် ခြေလျင်တိုက်ခိုက်ရေးတပ်က ဗိုလ်မှူးကြီးတဦးကို တပ်မှူးအဖြစ် အစားထိုးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကပစတပ်များတွင် အင်ဂျင်နီယာဆင်း ဗိုလ်မှူးကြီးများကိုသာ တပ်မှူးအဖြစ်ခန့်အပ်လေ့ရှိပြီး ယခုကဲ့သို့ ခြေလျင်တိုက်ခိုက်ရေးတပ်မှ ဗိုလ်မှူးကြီးအား တပ်မှူးအဖြစ်အစားထိုးခန့်အပ်ခြင်းမှာ မရှိသလောက် ရှားပါးကြောင်း ကပစတပ်မှ CDM တပ်မတော်သားအရာရှိတဦးက ပြောသည်။

“ အရင်တုန်းကတော့ ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ဆင်း အင်ဂျင်နီယာဗိုလ်မှူးကြီးတွေချည်းပဲ စက်ရုံမှူးပေါ့။ ခုနောက်ပိုင်းက DSTA (စစ်နည်းပညာတက္ကသိုလ်) ဆင်းတွေလည်း တပ်မှူးဖြစ်နေပြီ။ ခြေလျင်ကနေ တပ်မှူးခန့်တာတော့ ထုံးစံ မရှိဘူး။ ကပစတပ်မှူးအားလုံးက အင်ဂျင်နီယာပဲ ဖြစ်ရမယ်” ဟု သူက သုံးသပ်သည်။ 

ယင်းကဲ့သို့ ခြေလျင်တိုက်ခိုက်ရေးတပ်မှ ဗိုလ်မှူးကြီးများအား ကပစတပ်မှူးအဖြစ် ခန့်အပ်ခြင်းမှာ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ ဆက်လက်မလည်ပတ်နိုင်တော့သည့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်ကြောင်း သူက ထပ်လောင်းပြောသည်။

ရှေ့တန်းအပို့ခံရမှုအများဆုံး တကစ တပ်များ

ကပစတပ်များမှ တပ်တချို့ ထုတ်လုပ်ရေးလုပ်ငန်းများရပ်နားထားရသကဲ့သို့ ရှမ်းမြောက်နှင့် ရခိုင်စစ်ဆင်ရေးများအတွင်း ဆုံးရှုံးမှုများရှိနေသည့် တင့်ကား၊ အပေါ့စားသံချပ်ကာယာဉ်များ အပါအဝင် စစ်သုံးကားနှင့် အခြားသံချပ်ကာယာဉ်များ ထုတ်လုပ်၊ ပြင်ဆင်၊ တပ်ဆင်သည့် တကစဟု အတိုကောက်ခေါ်ဆိုသည့် တပ်မတော်အကြီးစားစက်ရုံများသည်လည်း ထုတ်လုပ်ရေးလုပ်ငန်းများ ကောင်းမွန်စွာမလည်ပတ်နိုင်တော့။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (ထုံးဘို) သို့ သွားရောက်စဉ်။ (၂၀၁၈ ခုနှစ်)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (ထုံးဘို) သို့ သွားရောက်စဉ်။ (၂၀၁၈ ခုနှစ်)

အထက်ပါ စစ်သုံးကား၊ သံချပ်ကာယာဉ်များကို အဓိကထားထုတ်လုပ်နေသည့် မိတ္ထီလာမြို့နယ် အဝင်နှင့် အထွက်ရှိ တကစ ၁၊ ၂၊ ၁၀ အကြီးစားစက်ရုံများသည် လက်ရှိတွင် ထုတ်လုပ်ရေးစစ်သားအနည်းငယ်နှင့် အရပ်သားဝန်ထမ်းများကိုအားပြုကာ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများသာ လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ယင်းလုပ်ငန်းများအား လည်ပတ်သည်ဆိုရုံမျှသာရှိကာ စက်ရုံရှိတပ်ဖွဲ့ဝင် အများစုမှာ မိထ္တီလာနှင့်အနီးတဝိုက်နယ်မြေလုံခြုံရေးနှင့် ရှေ့တန်းစစ်ဆင်ရေးများသို့ အင်အားထုတ်နုတ် ပို့ဆောင်နေရသည်။ 

အဆိုပါ တကစတပ်များမှ စစ်ကောင်စီတပ်သားများသည် တိုက်ပွဲများပြင်းထန်ခဲ့သည့်ရှမ်းမြောက်ဒေသအစပ်ရှိ နောင်ချို၊ ပြင်ဦးလွင်၊ သပိတ်ကျင်းဒေသများသို့ အင်အားဖြည့်သွားရောက်နေရကာ ကပစတပ်များအနက် ရှေ့တန်းသို့ ပို့ဆောင်ခံရမှုအများဆုံးဖြစ်ကြောင်း သိရသည်။

“ ဒီသံချပ်ကာယာဉ်တွေ ဘာတွေဆိုတာကလည်း အရင်ထဲက ထုတ်ထားပြီးသား အများကြီးရှိတယ်။ ပြုပြင်ထိန်းသိမ်းရေးအတွက် စစ်သည်နဲ့ဝန်ထမ်းတချို့ကလွဲရင် ကျန်တာအကုန်နယ်မြေလုံခြုံရေးနဲ့ ရှေ့တန်းပဲ။ တကစ ၁၀ ဗိုလ်မှူးကြီး ကျော်နိုင်ဦး တပ်က ပိုများတယ် “ ဟု မိထ္တီလာတပ်နယ် သတင်းရင်းမြစ်တဦးက ပြော သည်။

 

အဓိကစက်ရုံများကို အပြင်းအထန်ဆက်လက်ထုတ်လုပ်

ရှမ်းမြောက်ဒေသ၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုများ ဆင်နွှဲနေသည့် စစ် ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ တပ်ရင်းဌာနချုပ်များနှင့် ရာနှင့်ချီသည့်တပ်စခန်းများကို နေ့စဉ် သိမ်းပိုက်ရရှိနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးမှ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်ထားသည်။

သိမ်းပိုက်ရရှိမှုများတွင် စစ်ကောင်စီ၏ နောက်တန်းတပ်ရင်းများ၊ ရှေ့တန်းစစ်စခန်းများမှလည်း မရေ တွက်နိုင်သည့်ပမာဏရှိ လက်နက်၊ ခဲယမ်းများ၊ ဗျူဟာအဆင့် တပ်၊ စခန်းကုန်းများမှ တိုက်ပွဲဝင်တင့်ကားများ(MBT)၊ အပေါ့စားသံချပ်ကာယာဉ်(BTR)များ အပါအဝင် ယာဉ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမျိုးမျိုးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျောက်ဆည် သံချပ်ကာသင်တန်းကျောင်းသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျောက်ဆည် သံချပ်ကာသင်တန်းကျောင်းသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)

ကကထုတ်လက်အောက် ကပစတပ်များတွင် အကြီးစားနှင့် စစ်လက်နက် စက်ရုံများဟူ၍ ၂ ပိုင်းခွဲထားသည်။ ကပစ စက်ရုံများသည် စိန်ပြောင်းလက်နက်ကြီး၊ လက်နက်ငယ်အမျိုးမျိုးနှင့် ၎င်းတို့၏ကျည်ဆန်၊ ဗုံးသီးများ၊ လေယာဉ်ပစ်ဗုံးများ၊ TNT(ယမ်းပြင်း) အပါအဝင်ယမ်းအမျိုးမျိုးကို ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ဆုံးရှုံးသွားသည့် လက်နက်၊ ခဲယမ်းများအတွက် အစားထိုးပြန်လည် ဖြည့်တင်းနိုင်ရေးအပြင် လေကြောင်းပစ်ကူအတွက်လိုအပ်နေသည့် လေယာဉ်ဗုံးများ ပိုမိုထုတ်လုပ်နိုင်ရေး စစ်ခေါင်းဆောင်များက ကပစတပ်များထံ ဖိအားပေးနေကြသည်။

“ခါတိုင်းနှစ်တွေထက် ၂ ဆ ပိုထုတ်ဖို့ ညွှန်ကြားထားတယ်။“ ဟု ပဲခူးတိုင်းအတွင်းရှိ တာဝန်ထမ်းဆောင်ဆဲ ကပစ တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်ကောင်စီသည် လက်နက်ခဲယမ်းလိုအပ်မှုမြင့်မားနေခြင်းကြောင့် တဖက်တွင်ကပစတပ်တချို့သည် ထုတ်လုပ်ရေး ရပ်ထားရခြင်းဖြစ်ရာ စစ်လက်နက်ထုတ်လုပ်နိုင်သော ကျန်ရှိသည့်ကပစစက်ရုံများ၌ နားရက်မရှိဘဲ ယခင်ထက် ၂ ဆ ပိုမိုလုပ်ဆောင်နေရသည်။

စစ်ဆင်ရေးများနှင့် နယ်မြေလုံခြုံရေးများအတွက် ထုတ်နှုတ်အင်အားများပေးနေရခြင်းကြောင့် ကပစစက်ရုံ များ၌ စစ်သည်များအစား အရပ်သားအမျိုးသမီးဝန်ထမ်းများကို ခန့်အပ်ကာ စက်ရုံကိုလည်ပတ်နေရသည်ဟု ပဲခူးတိုင်းအတွင်းရှိ တာဝန်ထမ်းဆောင်ဆဲကပစတပ်ဖွဲ့ဝင်တဦးက ရှင်းပြသည်။

ကပစစက်ရုံများတွင် လက်နက်ထုတ်လုပ်ရေးအတွက် စစ်သည်အစားခန့်အရပ်သားအမျိုးသမီးဝန်ထမ်းများကို ယခင်ကပင် ရာနှင့်ချီခန့်အပ်ထားပြီး ယခုကဲ့သို့ ထုတ်လုပ်ရေးစစ်သားများ နယ်မြေလုံခြုံရေးနှင့် စစ်ဆင်ရေးများ ပို့ဆောင်ခံရမှုများလာချိန်တွင် အရပ်သားအမျိုးသမီးများကို ပိုမိုခေါ်ယူကာ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ် ဆောင်နေရသည်။ 

“အင်အားတွေက ခွဲပို့နေရတော့ နောက်ချန်ထုတ်လုပ်ရေးအဖွဲ့တွေလည်း အနားမရဘူး” ဟု ပဲခူးတိုင်းအတွင်းရှိ တာဝန်ထမ်းဆောင်ဆဲကပစတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယခင်က ကပစစက်ရုံများ ထုတ်လုပ်ရေးမပြတ်လပ်စေရန် နီးစပ်ရာခြေလျင်/ခြေမြန်၊ လက်ရုံးတပ်များမှ ကပစအတွက် လုံခြုံရေးဝင်ရောက်ပေးသဖြင့် ကပစစစ်သားများက ထုတ်လုပ်ရေးလုပ်ငန်းများအား ပုံမှန်အတိုင်း အဆိုင်းနှင့် ၂၄ နာရီထုတ်လုပ်ပေးနိုင်ကြောင်း မြန်မာစစ်တပ်တွင် နှစ် ၂၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

လက်ရှိတွင် ယင်းကဲ့သို့ အနေအထားမျိုးမရှိတော့ဘဲ ကပစစစ်သားများ စစ်ထွက်တိုက်နေရသည့် အခြေအနေအပြင် ကိုယ်တိုင်လုံခြုံရေး၊ ကိုယ်တိုင်ထုတ်လုပ်ရေးလုပ်ဆောင်နေရသဖြင့် နောက်ချန်ထုတ်လုပ်ရေးစစ်သားများလည်း ပင်ပန်းနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (မကွေး) ကားစက်ရုံသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တကစ ၃ (မကွေး) ကားစက်ရုံသို့ သွားရောက်စဉ်။ (၂၀၁၉ ခုနှစ်)

ထို့ကြောင့် စစ်တပ်ကထွက်ပြေးချင်နေသူများတွင် လက်ရှိကပစစစ်သားများသည် အများဆုံးဖြစ်နေကြောင်း ကပစစစ်သားများ၏ပြောဆိုမှုများကို ကိုးကားပြီး CDMတပ်မတော်သားဗိုလ်ကြီး ဇင်ယော် က ပြောသည်။  

တချိန်က “ကမ္ဘာစစ်ဖြစ်လျှင်တောင်မှ ထုတ်လုပ်ရေးပဲလုပ်ရမည်” ဟု ကြွေးကြော်ခဲ့သည့် ကပစတပ်များသည် လက်ရှိရင်ဆိုင်နေရသည့် စစ်ရေးအကျပ်အတည်းများကြောင့် ကပစစက်ရုံတချို့ ထုတ်လုပ်ရေးများကို ရပ်နားထားရပြီဖြစ်သည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်ထုတ်လုပ်ရေး ကပစစက်ရုံများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည်အထိ မလုပ်ဆောင်နိုင်လျှင် နှောင့်ယှက်ခြောက်လှန့်ပစ်ခတ်ခြင်းများ ပြုလုပ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးစေရန် လုပ်ဆောင်သင့်ကြောင်း CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ရခိုင်ရိုးမနှင့်တဆက်တည်းတည်ရှိပြီး တိုက်ခိုက်ရေးတပ်များအတွက် လိုအပ်သည့် ၅.၅၆၊ ၉ မမ ကျည်ဆန်များ အဓိကထုတ်ပေးနေသည့် ကပစ ၉၊ ကပစတပ်အားလုံးအတွက် ကုန်ကြမ်း သံရိုင်းများအဓိကထုတ်လုပ်ပေးနေသည့် ကပစ ၆ ကဲ့သို့ စက်ရုံများကို အဓိကပစ်မှတ်ထားသင့်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ထုတ်လုပ်ရေးတပ်များဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များ ဆက်လက်မလည်ပတ်နိုင်စေရန် CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ယခုကဲ့သို့ အကြံပြုသည်။

“အလုပ်ပျက်အကိုင်ပျက်နဲ့ ကျောမလုံအောင်လုပ်ပေးနိုင်ရင် ကပစစက်ရုံတွေအားလုံးကို တံခါးပိတ်ထားနိုင်မှာ ဖြစ်တယ်။ အပြီးတိုင်မတိုက်နိုင်ဘူးဆိုရင်တောင် ပိတ်ဆို့ဖြတ်တောက်ရမယ်။ ဒါဆိုသူတို့တွေရဲ့ လိုအပ်တဲ့ ခဲယမ်းနဲ့ လက်နက်တွေ အလျင်မီအောင်ထုတ်နိုင်မှာ မဟုတ်ဘူး”

#မြေလတ်အသံ

#ဆောင်းပါး #စစ်ကောင်စီ #လက်နက်စက်ရုံ #ကပစ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10