စစ်ကောင်စီအဖွဲ့ရဲ့ အလစ် တိုက်ခိုက်တာခံရလို့ PDF ရဲဘော် ၇ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကောင်စီအဖွဲ့ရဲ့ အလစ် တိုက်ခိုက်တာခံရလို့ PDF ရဲဘော် ၇ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာအနီး ကျေးရွာဖွံ့ဖြိုးရေးလမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့ရဲ့ အလစ်တိုက်ခိုက်တာခံရလို့ PDF ရဲဘော် ၇ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မနက် ၁၁ နာရီကျော်ခန့်မှာ စစ်ကောင်စီကို သွားတိုက်ဖို့ အသွားနေရာအရွေ့အပြောင်းမှာ စစ်ကောင်စီဘက်က အလစ်တိုက်ခိုက်တာကို ခံလိုက်ရတာဖြစ်တယ်လို့ ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ရဲဘော်ပေက ပြောပါတယ်။

"သူတို့က ဆားလင်းကြီးနယ်ထဲက ရွာတရွာမှာ အင်အား ၈၀ လောက်နဲ့ ရောက်နေတယ်လို့ သတင်းရလို့ သွားတိုက်ဖို့ သွားတာ။ အဲရွာကနေမှာ သူတို့က ကျားတက်ဘက်ကို ရောက်သွားတယ်ဆိုပြီး သတင်းပြန်ရလို့ ကျားတက်အထွက်မှာ တိုက်မယ်ဆိုပြီး လူစုပြီးအသွားမှာ စကစဘက်က ပစ်တာကို ခံလိုက်ရတယ်။ ဒီဘက်က ကား ၃ စီးနဲ့ သွားတာပါ။ တိုက်ပွဲက ခဏဘဲ ဖြစ်လိုက်တာပါ။ စစ်ကောင်စီဘက်က ထိခိုက်တာတော့ ရှိနိုင်တယ်။ ဒါပေမယ့် အသေအချာ မသိရဘူး" လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ဒဏ်ရာရနေတဲ့ ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ပကဖ ရဲဘော် ၁ ဦးကို စစ်ကောင်စီက ဓားတွေနဲ့ သတ်ဖြတ်ခဲ့ပြီး ကျဆုံးရဲဘော်တွေထဲက ၄ ဦးကိုတော့ မီးရှို့ ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲထဲမှာ ရဲဘော် ၅ ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကတော့ လုံခြုံတဲ့နေရာကို ပြန်ရောက်ပြီလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ ရဲဘော်တွေ အသုံးပြုတဲ့ ကား ၃ စီးကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့သလို သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ နားရေးကိစ္စတွေကိုတော့ သက်ဆိုင်ရာအဖွဲ့နဲ့ မိသားစုဝင်တွေက နေ့ချင်းပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီအဖွဲ့ဟာ ပုလဲမြို့ထဲကို ဝင်သွားပြီး စာသင်ကျောင်းမှာ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

အဲဒီနေ့တိုက်ပွဲကို ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုတော်လှန်ရေးတပ်ဖွဲ့၊ ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့၊ M7တပ်ဖွဲ့၊ ပုလဲမြို့နယ် ပကဖ တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ညက ပုလဲမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ အင်အား ၁၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ပုလဲမြို့နယ် မြောက်ဘက်ဆေးရုံလမ်းကြားအရောက်မှာ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10