စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းပတ်ထိုးနေလို့ ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မတ်လ ၂၉ ရက်နေ့ မနက် ၇ နာရီခန့်လောက်ကစတင်ပြီး ဆားလင်းကြီးဘက်နေ စစ်ကောင်စီတပ် အင်အား ၈၀ ကျော်လောက်ဟာ ကျော်မှော်ကျေးရွာဘက်ကနေ စတင်ပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းလှည့်ပတ်ထိုးနေတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကျော်မှော်ကနေ စဝင်လာလိုက်တာ။ ခုတော့ နောက်ဆုံးအခြေနေက ဝဲကွဲ၊ ဝဲကြီးဘက်ကို ရောက်နေတယ်လို့တော့ သိရတယ်။ စစ်ကြောင်းဝင်လာတော့ ရွာတွေက ဒေသခံတွေကတော့ ကြောက်ပြီးပြေးနေရတယ်။ နေရဲတဲ့သူတွေက နည်းတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေပေမယ့် နေ့လည်ပိုင်းထိ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ ရွာတွေထဲက နေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ထန်းဖူးသဇင်၊ သဲကောကြီး၊ ဝဲကွဲ၊ ဝဲကြီး၊ ဆားထုံး၊ ဖောင်းကတာ၊ ဘင်ဂ၊ တုံရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၇၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
အဆိုပါ ကျေးရွာတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ မကြာခဏ စစ်ဘေးရှောင်နေရတဲ့ ရွာတွေဖြစ်ပြီး ဒေသခံနေအိမ်တွေလည်း မီးရှို့ခံရတာတွေရှိနေတယ်လို့ သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
Share
Share
Share