စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ၇ ဦး သေဆုံး

စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ၇ ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရပြီး ၇ ဦးထိခိုက်သေဆုံးတယ်လို့ အောင်လံမြို့နယ်ပကဖထံက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီကျော်မှာ SOJEN ယာဉ် ၁ စီးနဲ့ အင်အား ၂၅ ဦးကျော် လိုက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ၎င်းတို့တပ်စွဲအထိုင်ချထားတဲ့ တလုပ်ပင်ကျေးရွာကနေ အောင်လံဘက် မောင်းနှင်လာစဉ် ကျောက်ပုံနဲ့သံပုရာခုံကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

" သူတို့ဆီက ကနဦးထွက်လာတဲ့ ကားကို ရှေ့ထွက်ပဒေသာ ၁ တွဲ၊ တွဲပဒေသာ ၁ တွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာ။" လို့ အောင်လံမြို့နယ်ပကဖ ဒုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရသွားကာ သေဆုံး၊ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က အခင်းဖြစ်နေရာကနေ အိမ်စီးကား ၁ စီး၊ ဖောကား ၁ စီးနဲ့ ရွာမထုံးအခြေစိုက် ကပစ ၁၅ တပ်ကို ပြန်သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းဆွဲခံရတဲ့စစ်ကောင်စီအဖွဲ့တွေဟာ အောက်တိုဘာ ၁၈ ရက်မှာ အောင်လံဘက်ကနေလာရောက်ကာ  ရွှေပန်းတောတိုက်နယ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပြီးနောက် တလုပ်ပင်ရွာ၊ ၎င်းမှတဆင့် ကရင်မစမ်းကျေးရွာဘက်ကို အင်အား ၅၀ ကျော်နဲ့ဝင်ရောက်သွားကာ ကရင်မစမ်းကျေးရွာမှာ ၁ ပတ်ကျော်ကြာစစ်ကြောင်းထိုးခဲ့တဲ့ ခမရ ၇၁၊ ကပစ ၁၅ ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းမှာ ဖောကား ၁ စီး၊ SOJEN ၁ စီးနဲ့ အောင်လံမြို့ကိုပြန်ဖို့ စီစဥ်ထားတာဖြစ်ပြီး SOJEN ယာဥ်က အရင်ထွက်လာချိန်မှာ မိုင်းဆွဲခံလိုက်ရတာကြောင့် ကျန်ဖောကားနဲ့ထွက်မယ့်အဖွဲ့တွေက ဆက်မထွက်လာတော့ဘဲ တလုပ်ပင်စခန်းမှာ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အောင်လံ #စစ်တပ် #ယာဉ်တန်း #မိုင်းဆွဲ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10