စစ်ကြောင်းထိုးပြီး ပြန်လာတဲ့စစ်အုပ်စုကားတန်း မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

စစ်ကြောင်းထိုးပြီး ပြန်လာတဲ့စစ်အုပ်စုကားတန်း မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်း၊ မြေနဲရွာနဲ့မုံရွာအကြား တန်ပိုတိုးဂိတ်ဟောင်းအနားမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီကားတန်း မိုင်းဆွဲခံရပြီး ၅ ဦးထက်မနည်း ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက်မနေ့ညနေ ၅ နာရီလောက်မှာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အင်အား ၁၀၀ ခန့်ကား ၄ စီးနဲ့ မုံရွာနယ်အတွင်းရှိ ကျေးရွာတွေဘက်မှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၅) တပ်ရင်း Aung San Force - A.S.F တာဝန်ရှိသူက ပြောပါတယ်။


"စကစစစ်ကြောင်းက မနက်အစော ၅ နာရီလောက်ကတည်းက နမခကနေ အင်အား ၁၀၀ လောက်နဲ့ ကား ၄ စီးနဲ့ထွက်တယ်။ မုံရွာတောင်ဘက် GTC ကနေ ဗောဓိတထောင်ဘက်ထိ ခြေလျင်စစ်ကြောင်းပတ်ထိုးတယ်။ ပြီးတော့ ကားနဲ့ပြန်လာတာ။ တိုးဂိတ်ဟောင်းနားမှာ မိုင်း ၂ လုံး၊ ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသူတွေလည်းရှိသလို ကား ၁ စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သား ၅၀ လောက်ဟာ မိုင်းဆွဲခံရတဲ့နေရာဝန်းကျင်ကို လှည်ပတ်တောနင်းတာတွေလုပ်သလို ပျူစောထီးအများစုနေတဲ့ တောပုရွာကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ မတ်လ ၉ ရက်မှာလည်း မုံရွာမြို့ နမခ ထဲကနေ ကြေးနီတွေသယ်လာတဲ့ စစ်ကား ၂ စီးကို မနက် ၁၁ နာရီလောက်မှာ မုံရွာ - မန္တလေး ကာလမ်းမကြီး စွမ်းရည်ထက်ဆီဆိုင်အနီးမှာ ၁ ကြိမ်၊ နေ့လည်ပိုင်းမှာ ချောင်ဦးမြို့နယ်၊ နတ်ရေကန်နီးရွာအနီးမှာ ၁ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10