စစ်ကြောင်းဝင်လာချိန် ဖုန်းပြောနေလို့ မတ္တရာနယ်ကအဘိုးနဲ့အဘွားကို စစ်တပ်က ရိုက်နှက်

စစ်ကြောင်းဝင်လာချိန် ဖုန်းပြောနေလို့ မတ္တရာနယ်ကအဘိုးနဲ့အဘွားကို စစ်တပ်က ရိုက်နှက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ အသက် ၇၀ ကျော်ရှိ အဘိုး၊အဘွား ၂ ဦးကို ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၄ ရက် မနေ့ည ၇ နာရီအချိန်ခန့်က ညောင်အုပ်ကျေးရွာကို စစ်ကြောင်းဝင်ရောက်လာချိန် ဖုန်းပြောနေတဲ့ အဘိုး၊အဘွားကို ဖမ်းမိပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။

"မနေ့ညက အဖမ်းခံရတာတော့ ၂၀ ကျော်တယ်။ အဲ့ဒီအထဲက အဘိုးနဲ့အဘွားက ဖုန်းပြောနေတုန်းဖမ်းမိတော့ မသင်္ကာပြီးရိုက်နှက်စစ်ဆေးတယ်လို့ ပြောတယ်။ အခုတော့ အကုန်ပြန်လွတ်လာပြီ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ညောင်အုပ်ကျေးရွာထဲကို တပ်ဖြန့်ထားပြီး အနီးနားရှိ နတ်ကြီးစင်ကျေးရွာအထိပါ ကင်းလှည့်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

"တနေရာထဲမှာ တပ်စွဲထားတာမဟုတ်ဘဲ နေရာအစုံ တပ်ဖြန့်ထားတယ်။ ရွာအပြင်မှာရော အထဲမှာပါ စစ်သားတွေရှိနေတယ် "လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီစစ်တပ်စစ်ကြောင်း ဝင်လာတာကြောင့် တပ်စွဲနေတဲ့ ညောင်အုပ်ရွာအပါအဝင် နတ်ကြီးစင်၊ကောက်ရိုးပုံ၊ မြွေပုံကန် စတဲ့ရွာတွေက ဒေသခံ တထောင်ကျော် ရှောင်တိမ်းနေကြတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ကလည်း စစ်တပ်က ညောင်အုပ်ကျေးရွာကို ပစ်ခတ်ဝင်ရောက်တာတွေလုပ်ခဲ့ပြီး ဒေသခံ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသေးတယ်။

ပုံစာ - ဇူလိုင်လအတွင်းက မတ္တရာနယ် ညောင်အုပ်ရွာကို စစ်ကြောင်းဝင်လာလို့ ဒေသခံတွေ တိမ်းရှောင်နေရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#မန္တလေး #မတ္တရာ #စစ်ကောင်စီတပ် #ရိုက်နှက်စစ်ဆေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10