စစ်ကြောင်းဝင်လာလို့ ထွက်ပြေးရင် ပစ်သတ်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

စစ်ကြောင်းဝင်လာလို့ ထွက်ပြေးရင် ပစ်သတ်မယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ထွက်ပြေးရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ဆင်ဖြူကျွန်းမြို့အနီးက ရွာတရွာမှာ စစ်အုပ်စုက ဒေသခံတွေကိုခြိမ်းခြောက်သွားပါတယ်။

နိုဝင်ဘာ ၁၇ ရက်က စလင်းမြို့န၊ယ် ဆင်ဖြူကျွန်းမြို့အနီးက မြောင်းဘောင်ကျေးရွာကို အင်အား ၄၀ ကျော်နဲ့ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာခံတွေ ထွက်ပြေးခဲ့ကြတာပါ။

သေနတ်တွေ ပစ်ဖောက်ဝင်လာတဲ့အတွက် တရွာလုံးနီးပါး ကြောက်လန့်ပြီး ထွက်ပြေးသွားတာကြောင့် သက်ကြီးပိုင်းတွေလောက်ပဲ ရွာထဲကျန်နေခဲ့ကြတာလို့ ဆင်ဖြူကျွန်းနယ်ခံတဦးက ပြောပါတယ်။

" ဘုန်းကြီးကျောင်းက စာသင်ပြီးပြန်လာတဲ့ ကလေးတွေက လယ်ထဲမှာ ပုန်းလို့ဆိုပြီး သေနက်ဖောက်တာ။ တချို့လည်း ရွာထဲကျန်ခဲ့တယ်။ ရိုက်နှက်သွားတာတော့ မလုပ်ဘူး၊ နောက်တခါပြေးရင်း ထုမယ် ပစ်မယ်ပြောသွားသေးတယ်။ အိမ်မှာက လူကြီးပိုင်းလောက်ပဲ ကျန်ခဲ့ကြတာ။ နွယ်တမယ်ရောက်ပြီဆိုကတည်းက ရွာကလူတွေက သိကြတော့ ပုန်းကုန်ကြတာ။" လို့ ဆင်ဖြူကျွန်းမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက မြောင်းဘောင်ရွာမှာ PDF တွေရှိတယ်ဆိုတဲ့ သတင်းရပြီး ရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပေမယ့် PDF တွေကို မတွေ့တာကြောင့် ဘုန်းကြီးကျောင်းကို ဆက်သွားကြတယ်လို့ ပြောပါတယ်။

" ရွာထဲလူမရှိတော့ ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးကိုမေးသွားတယ်။ ဘုန်းကြီးကတော့ မင်းတို့အသံကြားရင် လူတွေကကြောက်လို့ ပုန်းကြတာလို့ ပြောလိုက်တယ်တဲ့။" လို့ အဲ့ဒီ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ဘုန်းကြီးကျောင်းကအပြန် တအိမ်ဝင် တအိမ်ထွက် ဝင်ခဲ့ကြပြီး ဆိတ်သေလို့ ဆိတ်သားခြောက်လှမ်းထားတဲ့ အိမ်ကိုဝင်ပြီး ဆိတ်သားခြောက်တွေ ယူသွားကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ယာခင်းကပြန်လာတဲ့ ကလေး ၁ ဦးကို ခေါ်ပြီး လမ်းပြခိုင်းကာ ချောင်းကောက်ရွာကို ဆက်သွားကြတယ်လို့ သိရပါတယ်။

မြောင်းဘောင်ကျေးရွာက အိမ်ခြေ ၁၈၀ အိမ်၊ အိမ်ထောင်စု ၂၀၀ စု၊ လူဦးရေ ၈၁၅ ဦးရှိတဲ့အထဲက ၆၀၀ ကျော်တိမ်းရှောင်ခဲ့ကြပြီး စစ်ကြောင်းပြန်ထွက်သွားပြီး ညပိုင်းမှာ ရွာထဲပြန်ဝင်ကြတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ စစ်ကြောင်းတခုအား တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း- ဈာန်မြင့်

#မြေလတ်အသံ

#ဆင်ဖြူကျွန်း #စစ်တပ် #စစ်ဘေးရှောင် #ခြိမ်းခြောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10