စစ်တပ်ကင်းစခန်း ၂ ခုတပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရလို့ ၆ ဦးကျော် သေဆုံး (ရုပ်/သံ)

အမ်း - ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်း ၂ခုကို ကာကွယ်ရေးတပ် ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၆ ဦးကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း အမ်း - ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ ဂုတ်ကြီးရွာထိပ်၊ ဘုံဘောလမ်းဆုံက ကင်းစခန်းနဲ့ မီတာ ၅၀၀ ဝန်းကျင်အကွာမှာရှိတဲ့ မိုင်တိုင် ၁၁ က ကင်းစခန်းတို့ကို နိုဝင်ဘာ ၅ ရက် မနက် ၁၁ နာရီလောက်မှာ တပြိုင်တည်း စီနင်းတိုက်ခိုက်ခဲ့ကြတာပါ။

အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာကာ နှစ်ဖက်ညှပ်ပစ်ခတ်သလို နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)ရဲ့လက်ထောက် အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

အဲ့ဒီ ကင်းစခန်း ၂ ခုမှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) လက်အောက်ခံ တပ်တွေရဲ့ စစ်သားအင်းအား ၂၅ ဦးရှိပြီး အမ်း-ပဒါန်းလမ်းပိုင်းလုံခြုံရေးအတွက် လွန်ခဲ့တဲ့ ၁ လခွဲလောက်က ကင်းစခန်းချထားတာလို့ ပူးပေါင်းတပ်တခုဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway) စစ်ဦးစီးချုပ်က ပြောပါတယ်။ 

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုကို မျက်မြင်အရ ၆ ဦးသေဆုံးတယ်လို့ PRA - Magway အပါအဝင် ကာကွယ်တပ်ဖွဲ့တွေဘက်က အတည်ပြုနိုင်ခဲ့ပြီး ၁၀ ဦးအထိ သေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA - Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင်အမှတ် (၂)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

အမ်း - ပဒါန်းလမ်းဟာ စစ်ကောင်စီအတွက် ရခိုင်နဲ့အခြားမြို့နယ်တွေကို ရိက္ခာပို့ဆောင်တာ၊ လူအင်အားပို့ဆောင်တာတွေကို အသုံးပြုရာမှာ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပြီး လုံခြုံရေးအတွက် ကင်းစခန်းပေါင်း ၂၅ ခု ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း အရှိုချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဟာ အမ်းမြို့နယ်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ငဖဲ #စစ်တပ် #ကင်းစခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10