စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ PDF ၅ ဦးနဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ ဦးသေဆုံး

စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ PDF ၅ ဦးနဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးနဲ့ CDM ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ ဦး ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ဇီးတောရွာနဲ့ ထနောင်းတောရွာကြား ကာကွယ်ရေးတပ်ဖွဲ့ တွေ ဂိတ်ချစစ်ဆေးရေးလုပ်နေတဲ့နေရာကို စစ်ကောင်စီတပ်သားတွေက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ 

အဲဒီနောက် ထိမှန်ဒဏ်ရာရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးဟာ ဒဏ်ရာတွေကို ဆေးထည့်ဖို့ ဆေးပေးခန်းသို့ ရောက်ရှိချိန် နောက်ထပ် ဒရုန်းတစင်းရောက်ရှိလာပြီး ဗုံးသီးထပ်မံကြဲချတိုက်ခိုက်ခဲ့လို့ အောင်ချမ်းငြိမ်း (၂၀) နှစ်၊ ကိုဖိုးတုတ် (၂၀) နှစ်၊ ဂျက်စပဲရိုး (၃၀) နှစ် ၊ ကိုစံမတူ (၃၀)  နှစ် ၊ နောက်ထပ် ကာကွယ်ရေးရဲဘော်တဦးနဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတဦး ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။ 

“ဒဏ်ရာရသွားတော့ အဲဒီရဲဘော် ၄ ဦးကို ဆေးသွားထည့်တဲ့အချိန်မှာ ထပ်ပြီးတော့ ဒရုန်းနဲ့ လာကြဲတယ်။ ရဲဘော် ၅ ယောက် နဲ့ ဆရာမ ၁ ယောက် ကျသွားတယ်၊  နောက်ထပ် ရဲဘော်  ၁၅ ယောက်လည်း ဒဏ်ရာရသွားတယ်” လို့ ဘုတလင်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ကြဲချတိုက်ခိုက်သွားတဲ့ဆေးပေးခန်းဟာ NUG အစိုးရက ဖွင့်လှစ်ထားပေးတဲ့ ဆေးခန်းတခုဖြစ်ပြီး အခုလို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဆေးခန်းအရှေ့ဆောင်ပျက်စီးသွားခဲ့ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ် တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က စစ်ကောင်စီဘက်မှ ဒရုန်းတွေနဲ့ ပတ်ဝဲနေတဲ့အတွက် ဇီးတောရွာနဲ့ ထနောင်းတောရွာက ဒေသခံ တွေဟာ ကျေးရွာထဲမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

သေဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ အပ်နှံလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - UBNA

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင်မြို့ #စစ်ကောင်စီ #ဒရုန်း #ကျန်းမာရေးဝန်ထမ်း #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10