သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းမှာ ရာနဲ့ချီတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးရဲဘော်တွေ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၄ ဦးလွတ်မြောက်ခဲ့ကာ ၁ ဦးကျဆုံး ၁ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် မနက် ၈ နာရီကျော်မှာ သင်တန်းဆင်းပြီးမင်းတုန်းနယ်ဘက်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ PDF ရဲဘော် ၂ ဦးဟာ အင်တောရွာနဲ့ ဂွေးချိုရွာကြားလမ်းဆုံမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ အဆိုပါရဲဘော် ၂ ဦးကို ကျန်တပ်ဖွဲ့ဝင်တွေလာကြိုဖို့ အချင်းချင်း ဖုန်းဆက်အကြောင်းကြားခိုင်းခဲ့တယ်လို့ သိရပါတယ်။
ညနေ ၃ နာရီကျော်လောက်မှာ လာကြိုဖို့ချိန်းဆိုထားတဲ့ အင်တောလမ်းဆုံကို PDF တပ်ဖွဲ့ဝင် ၄ ဦး ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာချိန် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ်ခဲ့တာလို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ တော်လှန်ရေးအဖွဲ့နဲ့နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။
" သင်တန်းဆင်းထားတဲ့ ၂ ယောက်ကို မင်းတုန်းက ၄ ယောက်က လာခေါ်တာ။ သင်တန်းဆင်း ၂ ယောက်ကိုတော့ မိထားပြီးသား။ အဲ့(လာခေါ်တဲ့)၄ ယောက်နဲ့ အကြိတ်အနယ်ဖြစ်ကြတာ။ ဟိုဘက် (PDF)က လက်နက်မပါဘူး။ လက်ပစ်ဗုံးနဲ့ပစ်ကြတာ" လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးနဲ့ ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်နေတဲ့ကြားကနေ ကနဦး ဖမ်းဆီးခံထားရသူ ၂ ဦးအနက် ၁ ဦးမှာ (လက်ထိပ်တွဲလျက်နဲ့) ထွက်ပြေးလွတ်မြောက်သွားပြီး ၁ ဦးက ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထပ်မံရောက်ရှိလာသူ PDF ၄ ဦးအနက် ၂ ဦးမှာ ထိခိုက်မရှိထွက်ပြေးနိုင်ခဲ့သလို ၁ ဦးမှာလည်း ပေါင်ကျည်ထိဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ကျန် ၁ ဦးကတော့ အခင်းဖြစ်နေရာမှာ ကျည်ထိမှန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရတဲ့ရဲဘော်တွေဟာ မကွေးခရိုင်နဲ့ဆက်စပ်မြို့နယ်တွေက PDF တပ်ဖွဲ့ဝင်တွေ ဟုတ်မှန်ကြောင်း မင်းတုန်းမြို့နယ်မှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တဦးကလည်း အတည်ပြုပြောပါတယ်။
" ပစ်ခတ်မှုဖြစ်တာက ဟုတ်တယ်။ ကျဆုံး ၂ ဦးလို့တော့ လတ်တလောသိထားရတာရှိတယ်။ အသေးစိတ်အခြေနေကတော့ ပြောလို့မရသေးဘူး"လို့ ၎င်းက ပြောပါတယ်။
တော်လှန်ရေးရဲဘော်တွေကတော့ ဖြစ်စဉ်အတွင်း ကျဆုံးသူ ၂ ဦးရှိတယ်လို့ ပြောဆိုထားတာကြောင့် ကျဆုံးနောက် ၁ ဦးရဲ့ အခြေအနေတွေကို မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ အင်တောလမ်းဆုံမှာ သတင်းအရ ဝင်ရောက်ပစ်ခတ်ချိန် PDF ၂ ဦးအသေရမိပြီး ကျည် ၂၀၀ ကျော်၊ ဒီတိုနေတာ ၁၀၀ ခု၊ ပြောက်ကျားယူနီဖောင်း ၅ စုံ၊ ကျည်ဘောက် ၁ ခုတို့ကိုသိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားကြပါတယ်။
မြို့သစ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၇ နဲ့ ကပစ ၁၈ လက်နက်စက်ရုံတည်ရှိပြီး အဲ့ဒီတပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အတွင်း စစ်ကြောင်းထိုးတာနဲ့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပုံစာ - စစ်ကောင်စီ ကပစ တပ်စစ်သားများ။ (ပုံဟောင်း)
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#မကွေး #မြို့သစ် #စစ်တပ် #တိုက်ပွဲ
Share Share Share