သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တံတားဦးလေတပ်ဘက်ကတက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာလေယာဉ် ၁ စီးဟာ အောက်တိုဘာ ၃၀ ရက် မနေ့ကည ၁၂ နာရီလောက်မှာ ကံချောင်းရွာထဲကို ပေါင် ၂၅၀ ဗုံးသီး ၂ လုံးနဲ့ တပြိုင်တည်း ကြဲချခဲ့တာကြောင့် အသက် ၇၂ နှစ်အရွယ် ဦးသာအေး၊ ဦးကျော်မြင့် ၅၀ နှစ်၊ ဦးအောင်မင်းထွန်း ၄၂ နှစ်၊ မယွန်းဝတီ ၁၁ နှစ်တို့ ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့တာပါ။
“ဘာထိတွေ့မှုမှမရှိဘူး။ ဒီအတိုင်းလာချတာ၊ အချိန်မတော်ကြီးကို သေဆုံးသူတွေတော့မရှိဘူး၊ အပေါ်ယံလေးတွေပဲ ရှပ်ထိသွားတာ၊ ကံချောင်းအုပ်ကြီးကနေပြီးမှ လေကြောင်းချနိုင်တဲ့ အနေအထားရှိတယ်လို့ သူကမိုက်နဲ့ အော်ပေးသေးတယ်။ ရွာကလူတချို့ကရှောင်တယ်၊ မရှောင်တဲ့သူလောက်ပဲ ခံလိုက်ရတာ” လို့ ကံချောင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ကံချောင်းရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အခုလို လေကြောင်းကြဲခံရတာဟာ ပထမ အကြိမ်ဖြစ်သလို မနေ့ကလေကြောင်းပစ်ခတ်မှုဟာလည်း ကံချောင်းရွာက ဆေးပေးခန်းကို အဓိက ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။
“ဆေးခန်းနားတဝိုက်ကအိမ်တွေထိသွားတာ။ လုပ်တာတော့ ဆေးခန်းကိုလုပ်တာနဲ့ တူတယ်။ ပစ်မှတ်လွဲပြီးတော့မှ လမ်းပေါ်ကိုကျသွားတာ။ လမ်းနားမှာနီးတဲ့အိမ်တွေ အကုန်ထိသွားတာ။ ဆေးခန်းကတော့ မှန်တွေလောက်ပဲထိသွားတယ်၊ အဲဒီဆေးပေးခန်းကလည်း အမြဲတမ်းဖွင့်တာမျိုးမဟုတ်ဘူး။ အရေးကြီးတဲ့လူနာလောက်ပဲ ခဏတဖြုတ်ဖွင့်တယ် ပြီးရင်ပြန်ပိတ်တယ်” လို့ ကံချောင်းရွာခံအမျိုးသမီးက ပြောပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၉ ရက်ကလည်း ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းတိုက်လည်း မီးလောင်ပျက်ဆီးခဲ့ပါသေးတယ်။
ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ကံချောင်းကျေးရွာမှ နေအိမ်တချို့။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆော #လေကြောင်းတိုက် #စစ်ကောင်စီ
Share Share Share