စစ်တပ်က သေနတ်နဲ့ပစ်ခဲ့တဲ့အမျိုးသားတဦး ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရ

စစ်တပ်က သေနတ်နဲ့ပစ်ခဲ့တဲ့အမျိုးသားတဦး ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ ဇေယျဝတီရပ်ကွက်က အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ပစ်ခတ်ခံရသူဟာ အသက် ၂၈ နှစ်အရွယ် မောင်မဲညိုဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်မနက် ၁၀ နာရီကျော်မှာ ရေစကြိုမြို့၊ ရုံးပေါင်းစုံဝန်းထဲကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ဆိုင်ကယ်စီးလာတာမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ရပ်ခိုင်းတာမှာ မရပ်လို့ဆိုပြီး စစ်အုပ်စုကပစ်တာ။ နောက်ကျောကနေ ရင်ဘတ်ကို ကျည်ဆန်က ထုတ်ချင်းပေါက်သွားတာ။” လို့ မြို့ခံတဦးက ပြောပါတယ်။ 

မောင်မဲညိုဟာ လက်သမားအလုပ် လုပ်ကိုင်သူဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ သူ့ဇာတိရေစကြိုမြို့ကို ပြန်လာတာ ရက်ပိုင်းပဲရှိသေးတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ဒဏ်ရာစိုးရိမ်ရတာကြောင့် ပခုက္ကူဆေးရုံမှာဆေးကုသနေရတယ်လို့လည်း အထက်ပါမြို့ခံက ပြောပါတယ်။ 

သေနတ်နဲ့လိုက်ပစ်ချိန် မောင်မဲညိုက ဇေယျဝတီရပ်ကွက်အနီးရှိ ပဲကြော်ဖိုတခုထဲကိုဝင်ပြေးသွားခဲ့ရာ စစ်ကောင်စီအဖွဲ့တွေကလည်း ပဲကြော်ဖိုထဲကိုလိုက်လာခဲ့ပြီး မောင်မဲညိုကိုမဖမ်းဘဲ ပဲကြော်ဖိုလုပ်သား ၆ ဦးလောက်ကိုသာ ရိုက်နှက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၁၅ ဦးလောက်ပါတဲ့ အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ မနေ့ကမနက်ပိုင်းမှာ ဇေယျာဝတီရပ်ကွက်ကို ကား ၂ စီးနဲ့ ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာကာ ဒေသခံတွေကိုမေးမြန်းစစ်ဆေးပြီး နေအိမ်တွေထဲပါ ရှာဖွေစစ်ဆေးတာတွေလုပ်ခဲ့သေးတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ပစ်ခတ် #အမျိုးသား #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10