စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး

စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ သဖန်းဇင်ကျေးရွာအတွင်းကို အောက်တိုဘာ ၁၃ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ၁ ဦးဆီက သိရပါတယ်။

ဆွာမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း သဖန်းဇင်ရွာကို မနက် ၁၀ နာရီခန့်က ရေနီးတံတားစစ်တပ်ဂိတ်စခန်းက ဒရုန်း ၂ စင်းနဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ရွာမကြီးကို ဒရုန်း ၁ လုံးကျတယ်။ အိမ်ကတော့ တစစီပျက်စီးသွားတယ်။ လူထိခိုက်တာမရှိပါဘူး" လို့ သဖန်းဇင်ရွာသား ၁ ဦးကပြောပါတယ်။

အိမ်ခြေ ၉၀ ခန့်ရှိတဲ့ ရွာမကြီး(ခေါ်) သဖန်းဇင်ရွာမြောက်ခြမ်းက မသူဇာမြင့်တို့အိမ်ကို ဒရုန်းဗုံးသီးကျရောက်ခဲ့ပေမယ့် ခရီးသွားနေကြတာကြောင့် လူထိခိုက်မှုမရှိဘဲ အိမ်တခုလုံးတော့ပျက်စီးသွားခဲ့ပါတယ်။

"နောက်ထပ် ဗုံး ၂ လုံးကြဲတယ်။ ဗုံး ၁ လုံးက အိမ်ပေါ် တည့်တည့်ကျတယ်။ ၃ ဦးသေတယ်။" လို့ ဒေသခံအမျိုးသမီး ၁ ဦးကပြောပါတယ်။

အိမ်ပေါ်တည့်တည့်ကျတဲ့ ဗုံးသီးကြောင့် သေဆုံးခဲ့သူတွေကတော့ အသက် ၄၂ ခန့် ကိုချစ်ဦး၊ အသက် ၄၀ နှစ်အရွယ် မမိသဲနဲ့ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဝဿန်မိုးတို့ ၃ ဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပေါက်ကွဲမှုမှာ လူ ၃ ဦးသေဆုံးခဲ့တဲ့ နေအိမ်အပါအဝင် အိမ်ချင်းကပ်လျက် နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ပြီး နောက်ထပ် လူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်တပ်က သဖန်းဇင်ရွာကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ပြီးနောက်မှာ အဲ့ဒီရွာနဲ့ ၃ ဖာလုံခန့်အကွာက ရွှေကစောင်းရွာအတွင်းကိုလည်း ဒရုန်းနဲ့ပဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၂ လုံးပျက်စီးပြီး အသက် ၃၀ ကျော်အရွယ်မမာခိုင်ဆိုသူ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၃ရက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရမှုမှာ အရပ်သား ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရသလို နေအိမ်စုစုပေါင်း နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေဟာ နီးစပ်ရာဆေးရုံမှာ ဆေးကုသနေကြရပြီး ခြေ/လက်ပြတ်သူတွေပါသလို အသက်အန္တရာယ်စိုးရိမ်ရသူ အမျိုးသား ၂ ဦးရှိတယ်လို့ ဆိုပါတယ်။ 

ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရလို့ လူ ၃ ဦးသေဆုံးခဲ့တဲ့ သဖန်းဇင်ရွာဟာ စစ်တောင်းမြစ်ရေကြီးချိန် ရေဘေးဒဏ်ကြုံထားရတဲ့ရွာဖြစ်ကာ စစ်တပ်က အခုလို ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် ရွာသူရွာသားတွေမှာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ရေတာရှည်နဲ့ ဆွာမြို့ပေါ်က စစ်ကောင်စီ ခမရ တပ်ရင်း ၁၉၊ ခလရ ၈၄ နဲ့ အမြောက်တပ်တွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းကုန်း၊ ပိတောက်ကုန်း၊ စည်ပိုင်း၊ ရှမ်းစု၊ ရေတာရှည်လေး စတဲ့ရွာတွေကို ၈၀ မမ၊ ၁၂၀ မမ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

ပုံစာ - စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ ပျက်စီးသွားတဲ့ ရွှေကစောင်းရွာက နေအိမ် ၂ လုံး။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ဆွာ #စစ်တပ် #ဒရုန်း #အရပ်သား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10