စစ်တပ်စစ်ကြောင်းဝင်ခဲ့တဲ့ ထနောင်းဝန်းရွာမှာ သေဆုံးအလောင်း ၂ လောင်းထပ်တွေ့၊ စုစုပေါင်း ပြည်သူ ၈ ဦးထိသေဆုံးခဲ့

စစ်တပ်စစ်ကြောင်းဝင်ခဲ့တဲ့ ထနောင်းဝန်းရွာမှာ သေဆုံးအလောင်း ၂ လောင်းထပ်တွေ့၊ စုစုပေါင်း ပြည်သူ ၈ ဦးထိသေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်တပ်စစ်ကြောင်းဝင်ခဲတဲ့ ထနောင်းဝန်းကျေးရွာမှာ သေဆုံးအလောင်း ၂ လောင်း ထပ်တွေ့ရပြီး စုစုပေါင်း ပြည်သူ ၈ ဦးထိ သေဆုံးထားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ထနောင်းဝန်းရွာကထွက်သွားပြီးနောက် စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဒေသခံအချို့ ကျေးရွာထဲပြန်ဝင်လာချိန်မှာ ကျေးရွာအပြင်ဘက်ခြုံအတွင်း ပုပ်ပွနေတဲ့ အမျိုးသားအလောင်း ၁ လောင်းနဲ့ အမျိုးသမီးအလောင်း ၁ လောင်းထပ်တွေ့ရတယ်လို့ ဆိုပါတယ်။

"အဲဒီအလောင်းနှစ်လောင်းကို သပြေသာနဲ့ ထနောင်းဝန်းရွာအစပ်မှာတွေ့တာ။ အမျိုးသမီးကိုတော့ အဓမ္မပြုကျင့်သတ်ထားတဲ့ပုံစံ တွေ့ရတယ်။ အမျိုးသားကျတော့ ရုပ်ပျက်နေပြီ။ ခု နှစ်ယောက်က စကစစစ်ကြောင်း ရွာကိုဝင်လာကတည်းက ဖမ်းခေါ်လာသူတွေလို့တော့ သိရတယ်"လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသားက ပြောပါတယ်။

တွေ့ရှိရတဲ့ အမျိုးသားအလောင်းက အသက် ၄၀ ဝန်းကျင်ခန့်ဖြစ်ပြီး အမျိုးသမီးအလောင်းက အသက် ၃၀ ဝန်းကျင်ခန့်ဖြစ်ကာ ထနောင်းဝန်းရွာခံတွေမဟုတ်ဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်ကလည်း ထနောင်းဝန်းကျေးရွာအစပ်မှာ ပစ်သတ်ခံထားရတဲ့ အသက် ၃၀ ကနေ ၄၀ ကြား အမျိုးသမီး အလောင်း ၁ လောင်းနဲ့ အမျိုးသားအလောင်း ၃ လောင်းတွေ့ခဲ့ရသေးတယ် လို့ ဆိုပါတယ်။

အဆိုပါသေဆုံးသူ ၆ ဦးစလုံးဟာ စစ်ကောင်စီတပ်သားတွေ ဘယ်ရွာက ဖမ်းခေါ်လာတယ်ဆိုတာ မသိရသေးတာကြောင့် သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်ကိုမသိရသေးဘူးလို့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသားက ပြောပါတယ်။ 

စက်တင်ဘာ ၁၂ ရက်မှာ ရွှေဘိုမြို့၊ ခလရ ၄၂ က ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ထနောင်းဝန်းရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်လာခဲ့ပြီး တပ်စွဲနေခဲ့တာပါ။ 

အဲဒီနေ့မှာပဲ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ထနောင်းဝန်းရွာက အသက် ၂၄ နှစ်အရွယ် မရီရီခင်နဲ့ အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

ရွာထဲမှာ ၃ ရက်နေထိုင်မှာ စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်းမှာ ရွာထဲကနေ စစ်ကြောင်းပြန်ထွက်သွားမှ ဒေသခံတွေဟာ ကျေးရွာထဲကိုတစစနဲ့ ပြန်လည်ဝင်ရောက်လာနေကြကာ စက်တင်ဘာ ၁၈ ဒီနေ့အထိ အားလုံးရွာထဲကို ပြန်မရောက်ကြသေးဘူးလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ရွှေဘို #စစ်ကောင်စီ #တပ်စွဲ #ပစ်ခတ် #သတ်ဖြတ် #ဒေသခံသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10