စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရ

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာမှ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ပြည်သူမှပြည်သူသို့ အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၇ ရက် ညနေ ၄ နာရီကျော်မှာ အောင်ဇေယျတပ်ကုန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့က ၁၂၀ မမ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ရာ ထန်းတောကြီးကျေးရွာထိပ်ရှိ အိမ်နဲ့တွဲလျက်ကွမ်းယာဆိုင်အရှေ့ လမ်းပေါ်ကို တလုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"ရွာထိပ်ကွမ်းယာဆိုင်ဆိုတော့ ရွာခံတွေရော အခြားရွာကလူတွေရော ရှိနေချိန်မှာ လက်နက်ကြီးက လာကျတာ။ ၃ ယောက်ကတော့ နေရာမှာပဲ သေသွားတာ။ ကျန် ၆ ယောက်က ဒဏ်ရာပြင်းထန် ရသွားတယ်။ အစတွေမှန်ထားတာဆိုလည်း မြင်မကောင်းဘူး"လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ပြည်သူမှပြည်သူသို့ အဖွဲ့တာဝန်ခံ ကိုသက်ဦးကပြောပါတယ်။

အဲ့ဒီနေ့မနက်ပိုင်းမှာ ယင်းမာပင် ရဲတပ်ရင်း ၂၇ ကို တော်လှန်ရေးအဖွဲ့တွေဘက်က ဒရုန်းတွေနဲ့သွားရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့လည်း ကိုသက်ဦးက ဆိုပါတယ်။

စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီး ၇ လုံးဟာ ဒေသခံတွေရှိနေတဲ့ကွမ်းယာဆိုင်နားကို ၁ လုံး၊ ထန်းတောကြီးကျေးရွာ အပြင်ဘက်ကို ၂ လုံး၊ မြက်ရစ်ကျေးရွာအပြင်ဘက်ကို ၄ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ပြီးကျလို့ ထန်းတောကြီးရွာ ကွမ်းယာဆိုင်ကိုရောက်နေတဲ့ ကျေးစာကျရွာသား အသက် ၄၀ ကျော်အရွယ် ဦးလွှမ်းမိုးနိုင်၊ ထန်းတောကြီးရွာနေ ဖြိုးဇေယျာ ၂၈ နှစ်၊ ဦးမြင့်သန်းအောင် ၇၂ နှစ်တို့ နေရာမှာသေဆုံးခဲ့ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ကိုသက်ဦးက ပြောပါတယ်။ 

ဩဂုတ် ၈ ရက်မှာတော့ ဒဏ်ရာရထားသူ ၆ ဦးထဲက အသက် ၂၇ နှစ်အရွယ် ကိုရဲကိုကိုတိုး ဆိုသူမှာ ထပ်မံသေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံမှာဆေးကုသနေရကာ ဩဂုတ် ၉ ရက်အထိ မသက်သာကြသေးဘူးလို့ ဆိုပါတယ်။

လက်နက်ကြီးထိတဲ့နေရာမှာတင် သေဆုံးသွားသူ ၃ ဦးကိုတော့ နေ့ချင်းနာရေးဆောင်ရွက်ခဲ့ပြီး နောက်ထပ် သေဆုံးသူကိုတော့ ဩဂုတ် ၈ ရက်မှာ ထပ်မံသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ ဩဂုတ် ၉ ရက်မနက်ပိုင်းမှာလည်း အောင်ဇေယျကုန်းကနေ လက်နက်ကြီး ၄ လုံး ထန်းတောကြီးရွာဘက်ကို ထပ်မံပစ်ခတ်ခဲ့သေးရာ လူထိခိုက်တာတော့မရှိဘူးလို့ ကိုသက်ဦးက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း အောင်ဇေယျစစ်တပ်ကုန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ စည်လှောင်ကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံ ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10