သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရရှိလာတဲ့ ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်အတွင်းက မီးဘေးသင့်ကျေးရွာတွေနဲ့ပြည်သူတွေကို ဧပြီ ၁၁ ရက် မနေ့က ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီအပြင်အခြားစားကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
" ရိက္ခာတွေတန်ဖိုးတော့ သေချာမသိရသေးပါဘူး။ ရွာအမည်တွေကတော့ လုံခြုံရေးအရထုတ်ပြောလို့ မရတာပေါ့နော်။ မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ဝေမျှပေးခဲ့တာပါ " လို့ ပခုက္ကူမြို့နယ် ပအဖတာဝန်ခံ ကိုကျော့ဖေက မြေလတ်အသံကို ပြောပါတယ်။
ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်း စစ်ကောင်စီတပ်ရင်းတွေကို ထောက်ပံ့ပို့ဆောင်ပေးနေတဲ့ တပ်မ ၁၀၁ က စစ်ကားအစီး ၁၀၀ ကျော်ပါ ယာဥ်တန်းကို ကံမမြို့၊ သာကြီးတောင်နယ်မြေရဲစခန်းအနီးမှာ ဧပြီ ၂ ရက်က တိုက်ခိုက်ပြီး ရရှိလာတဲ့ရိက္ခာတွေကို ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မီးရှို့ခဲ့လို့ မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု ၅၀ စုရှိ မိသားစုဝင်ဦးရေ ၂၀၀ ကျော်အတွက် ရိက္ခာမျိုးစုံကို ခွဲဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ယာဉ်တန်းမှ သိမ်းဆည်းရမိတဲ့ စားနပ်ရိက္ခာတွေကို မီးဘေးသင့်စစ်ရှောင်ပြည်သူထံ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့အတူ မြို့နယ်ပအဖ၊ ပကဖတာ၀န်ရှိသူများ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၃ မှ တာ၀န်ရှိသူများက ခွဲဝေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #စစ်တပ်ယာဉ်တန်း #တိုက်ခိုက် #ပြည်သူ #ရိက္ခာထောက်ပံ့
Share Share Share