စစ်တပ်၏စီမံချက်ဖြင့် အသုံးချခံနေရသည့် ဘာသာရေး (ဆောင်းပါး)

စစ်တပ်၏စီမံချက်ဖြင့် အသုံးချခံနေရသည့် ဘာသာရေး (ဆောင်းပါး)

 

ဂိုဏ်းဝင်သံဃာ ၅ သောင်းထက်မနည်းရှိသော သံဃာ့အဖွဲ့အစည်းကြီးဖြစ်သည့် ရွှေကျင်ဂိုဏ်းကြီး၏ ဗဟိုအလုပ်အမှုဆောင်ဆရာတော်၊ ဝင်းနိမ္မိတာရုံကျောင်း ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဇွန်လ ၁၉ ရက်က တဘဝ၊ တခန္ဓာချုပ်ငြိမ်းကာ ပျံလွန်တော်မူခဲ့ရသည်။

သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါရှိ  ဆရာတော်ကြီးသည် ယင်းနေ့ မနက်ပိုင်းက မန္တလေးမြို့ရှိ ရွှေကျင်ဂိုဏ်းဌာနချုပ်ကျောင်းဖြစ်သည့် မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟို)ကို အစည်းအဝေး တက်ရောက်ရန် ကြွသွားစဉ် ငါးဇွန်မြို့နယ်၊ ပန်းချီကမ္မကျေးရွာအနီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းဒကာတဦး လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးသည် နေရာမှာပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်မောင်းနှင့် ကံသုံးဆင့်ဆရာတော်ကြီးမှာ ဒဏ်ရာတချို့ရရှိခဲ့သည်။

အထက်ပါဖြစ်စဉ် မဖြစ်မီ ဇွန်လ ၁၀ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးစီးပြီး စစ်ဗိုလ်ချုပ်များသည် နိုင်ငံတော်သံဃမဟာနာယက(မဟန) ဆရာတော်များကို “နိုင်ငံတော်အဆင့် အဆောင်အယောင်” ဟုဆိုကာ မာစီဒီးကားများအပါအဝင် ဇိမ်ခံကားများကပ်လှူပွဲကို ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ ပြုလုပ်ခဲ့သေးသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် ယင်းကဲ့သို့ လှူဒါန်းမှုများပြုလုပ်သလို တဖက်တွင်လည်း ဘုန်းကြီးကျောင်းများ၊ ဘုရားစေတီနှင့် သာသနိကအဆောက်အအုံများအား ဖျက်ဆီးခြင်း၊ ဝင်းနိမ္မိတာရုံကျောင်း တိုက်ဆရာတော်အပါအဝင် သံဃာတော်အချို့ကို သတ်ဖြတ်ခြင်းများ ကျူးလွန် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် ဘာသာရေးကို နိုင်ငံရေး၊ အာဏာတည်မြဲရေးအတွက် ခေတ်အဆက်ဆက် အသုံးချခဲ့ပြီး လက်ရှိ၌လည်း စစ်အာဏာသိမ်းမှုကြောင့် လူထုထောက်ခံမှုပိုမိုကျဆင်းနေသည့် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်သည် ဘာသာရေးကို အာဏာတည်မြဲရေး၊ စည်းရုံးရေးအတွက် အသုံးချလျက်ရှိသည်။

မြန်မာနိုင်ငံသဃာ့အဖွဲ့အစည်းတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် မဟနအဖွဲ့ဝင်ဆရာတော်များအား ဇိမ်ခံကားများကပ်လှူခြင်းသည် စစ်ခေါင်းဆောင်များမှ သံဃာ့ခေါင်းဆောင်ဆရာတော်များမှတဆင့် သံဃာထုကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခြင်းပင်ဖြစ်ကြောင်း ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

“ အာဏာရှင်နဲ့ဘုန်းကြီး၊ ဘုန်းကြီးနဲ့အာဏာရှင်ဆိုတာ အညမည(အပြန်အလှန်ကျေးဇူးပြုခြင်း)ပေါ့၊ တည်ဆောက်ထားကြတာပေါ့။ သံဃာ့နာယကဆိုတာ သေချာစဉ်းစားကြည့်ရင် စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဆင့်မှာပဲ ရှိပါတယ်” ဟု ဆရာတော်က ဝေဖန်သည်။ 

နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)ကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ၁၉၈၀ ပြည့်နှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကာလတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအပေါ် အမြတ်ထုတ်ခဲ့ ခြင်းဖြစ်ကြောင်း ဗမာ့ပြည်တွင်းစစ်ပြတိုက်(BCWM) တည်ထောင်သူ သုတေသီ ဆရာ ရဲဟိန်းအောင် က သုံးသပ်သည်။

စစ်တပ်အသိုင်းအဝိုင်းနှင့် စစ်တပ်ထောက်ခံသည့်အုပ်စုများမှအပ လူထုထောက်ခံမှုမရှိတော့သည့် စစ်ကောင်စီတပ်သည် ပြည်သူလူထုနဲ့ပြန်လည်နီးစပ်နိုင်ရေး နည်းမျိုးစုံဖြင့် စည်းရုံးကြိုးစားနေသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဘုန်းကြီးများသည်လည်း လူအများအပေါ်သြဇာသက်ရောက်မှုကြီးမားသည်ကို စစ်ကောင်စီတပ်က ကောင်းစွာသိရှိနားလည်ထားသည်။

စစ်ကောင်စီတပ်အတွင်း တပ်ရင်းအလိုက် စည်းရုံးရေးကော်မတီများဖွဲ့စည်းထားပြီး သက်ဆိုင်ရာတပ်ရင်းမှူးနှင့် ဇနီးများက တပ်တွင်းစည်းရုံးရေးနှင့် တပ်ပြင်စည်းရုံးရေး ၂ ခုကို ဦးစီးလုပ်ဆောင်ရကာ ၎င်းတို့နယ်မြေအလိုက် စည်းရုံးရေးလုပ်ဆောင်မှုများကို နေပြည်တော်ရှိစစ်ခေါင်းဆောင်များထံ အဆင့်ဆင့်တင်ပြရသည်။

လူထုထောက်ခံမှုမရှိတော့သော စစ်ကောင်စီတပ်သည် တပ်ပြင်စည်းရုံးရေးလုပ်ဆောင်ရာတွင် နယ်မြေအလိုက် ဘုန်းကြီးကျောင်းများသည် ၎င်းတို့၏ ပစ်မှတ်များဖြစ်လာကြောင်း မြန်မာစစ်တပ်တွင်း နှစ် ၂၀ ခန့်တာဝန်ထမ်းဆောင်ခဲ့သူ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ စီမံချက်နဲ့ လုပ်ရတာပေါ့။ တပ်ရင်းတွေမှာ ၁ လ ကို မတူတဲ့ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ လှူဒါန်းတာတွေ လုပ်ရတယ်။ လှူဒါန်းပြီး ဘုန်းကြီးကိုစည်းရုံးတာပေါ့။ ဘုန်းကြီးတွေက ရပ်ရွာကိုထိန်းနိုင်တဲ့သဘောက ခုကာလအထိ ခေတ်စားနေသေးတာဆိုတော့ အဲ့ဒီစည်းရုံးရေးနည်းက အခုထိရိုးမသွားဘူး “ ဟု CDM ဗိုလ်ကြီးက ရှင်းပြသည်။

ထို့အပြင် သက်ဆိုင်ရာနယ်မြေများအလိုက် ဘုန်းကြီးကျောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မကြာခဏဝင်၊ ထွက်သွားလာခြင်းဖြင့် နယ်မြေခံဘုန်းကြီးကျောင်းများမှ ဘုန်းကြီးများသည် စစ်တပ်ကို လိုလားသည့်ပုံစံမျိုးကို အသွင်ယူခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ဘုန်းကြီးကျောင်းများကို လှည့်ပတ်လှူဒါန်းခြင်းအား စစ်ခေါင်းဆောင်များက "ဆရာ/ဒကာစီမံချက်" ဟု အမည်ပေးထားပြီး စီမံချက်အား တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်အဆင့်ဆင့်မှ အကောင်အထည်ဖော်ရကာ နေပြည်တော်ရှိ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေက ဦးစီးလုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။ 

အဆိုပါစီမံချက်ကို ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရကာလက စတင်ကာ စစ်အာဏာရှင်အဆင့်ဆင့် လက်ဆင့်ကမ်းစီမံချက်ချလုပ်ဆောင်လာခဲ့ပြီး လူထုထောက်ခံမှုကျဆင်းချိန်  လက်ရှိကာလများတွင် ပိုမိုလုပ်ဆောင်လာကြောင်း တပ်သတင်းရင်းမြစ်များက ဆိုသည်။

ဆရာ/ဒကာ စီမံချက်အရ တပ်ရင်း/တပ်ဖွဲ့ တခုမှ ၁ လ လျှင် အနည်းဆုံး မတူညီသည့်ဘုန်းကြီးကျောင်း ၂ ကျောင်းအား လှူဒါန်းစည်းရုံးရမည်ဖြစ်ပြီး ၄ လပတ်ကာလတခုအတွက် အနည်းဆုံး ၈ ကြိမ်လှူဒါန်းမှု ပြုလုပ်ရမည်ဖြစ်ကာ အဆိုပါအရေအတွက်ထက်လျော့နည်းသည့် တပ်ရင်း/တပ်ဖွဲ့မှ သက်ဆိုင်ရာတပ်မှူးများသည် အဆင့်ဆင့်အရေးယူခံရနိုင်သည့် အခြေအနေဖြစ်သည်။

“ အရင်ကတည်းက ဘုန်းကြီးကျောင်းတွေကို စီမံချက်နဲ့သွားလာလှူဒါန်းနေရတာ။ အခုက ပိုဆိုးတယ်၊ စစ်တပ်ခေတ်ဆိုပြီး ရိုးရိုးအလှူကအစ ဘုရားထီးတင်တာအဆုံး ယူနီဖောင်းတွေချည်းပဲ၊ ဝင်ပြီးနှမ်းဖြူးကြတာ“ လို့ မကွေးတပ်မ ၈၈ နဲ့နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ၎င်းတို့၏ဆေးတပ်ဖွဲ့ဖြင့် နိုင်ငံအနှံ့ဘုန်းကြီးကျောင်းများကိုအခြေပြုကာ ဘုန်းတော်ကြီးများကို ကျန်းမားရေးစစ်ဆေး ဆေးကုသပေးမှုကိုလည်း မကြာခဏဆိုသလို ခပ်စိပ်စိပ် ပြုလုပ်တာကို စစ်ကောင်စီသတင်းရုပ်သံများတွင် တွေ့ရသည်။

အဆိုပါ ဆေးကုသမှုအခြေအနေများအား စစ်တပ်ပိုင်ဝါဒဖြန့်မီဒီယာ မြဝတီရုပ်သံသတင်းဖော်ပြမှုများကို မြေလတ်အသံမှ လေ့လာကြည့်ရာတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လဒုတိယအပတ်အထိ ၆ လနီးပါး ကာလအတွင်း နိုင်ငံအနှံ့ရှိ ဘုန်းကြီးကျောင်း ၅၂ ကျောင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသမှု ၅၂ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

ဘုန်းတော်ကြီးကျောင်းများကိုအခြေပြု၍ စစ်ကောင်စီတပ်၏ စည်းရုံးဆေးကုသပေးခဲ့မှု အခြေအနေတွင် ဘုန်းကြီးအပါး ၂၄၀၀ ကျော်အထိပါဝင်သည်ကို တွေ့ရှိရသည်။ 

အဆိုပါ စည်းရုံးဆေးကုသမှုများတွင် သက်ဆိုင်ရာဘုန်းကြီးများ၏ဆန္ဒမပါရှိဘဲ စစ်တပ်နှင့်နီးစပ်သည့် ဘုန်းကြီးများမှတဆင့် အခြားဘုန်းကြီးများအား စည်းရုံးပင့်ဆောင့်ခိုင်းကြောင်း မေလအတွင်းက စစ်ကောင်စီဆေးတပ်ဖွဲ့၏ ဆေးစစ်မှုကိုခံယူခဲ့ရသည့် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းကြီးတပါးနှင့်နီးစပ်သူတဦးက ပြောသည်။

“ မပခ တပ်တွေထဲက တပ်ဦးကျောင်းဆရာတော်ကနေတဆင့် ဘယ်နေ့၊ ဘယ်ကျောင်းမှာ ဆွမ်းစားကြွပါဆိုပြီး တခြားကျောင်းအသေးတွေက ဘုန်းကြီးတွေကို ပင့်တယ်။ တခြားကျောင်းအသေးကတော့ ဘုန်းကြီးအချင်းချင်းပင့်တာဆိုတော့ ဘယ်က ကပ်မှာလဲတို့၊ ဘာတို့တော့ မမေးတော့ဘူးလေ။ ပင့်တဲ့ကျောင်းရောက်မှ ဆွမ်းကပ်တဲ့အဖွဲ့က ဆေးစစ်ပေးချင်လို့ဆိုပြီး အဲ့ဒီလိုလုပ်ကြတာ။ ဘုန်းကြီးတွေက စစ်တပ်ကိုခေါ်တာ မဟုတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။ 

ယင်းကဲ့သို့လုပ်ဆောင်မှုသည်လည်း စစ်ကောင်စီတပ်၏ ဝါဒဖြန့်စည်းရုံးရေးယန္တရားတခုသာဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ အဓိက က သူတို့(စစ်တပ်)နဲ့ သံဃာ့အဖွဲ့အစည်း၊ ပြည်သူ ၃ ဖွဲ့ စည်းစည်းလုံးလုံးရှိတယ်ဆိုတဲ့ ပုံစံဆေးကုပေးပြီး မှတ်တမ်းရိုက် ဝါဒပြန်ဖြန့်တာပေါ့။ ဘုန်းကြီးကျောင်းမှာ ရွေးပြီးလုပ်တာက ဘုန်းကြီးကို ဖိအားပေးခေါ် ခိုင်းလို့ ဘုန်းကြီးကခေါ်ရင် ဒကာ၊ ဒကာမတွေက မနေရဲဘူးလေ။ အဲ့ဒါနဲ့ ကိုင်ထားတာ” ဟု ၎င်းက ဆိုသည်။

ခေတ်အဆက်ဆက် သံဃာများကို သတ်ဖြတ်၊ ဖမ်းဆီးထောင်ချမှုများ လုပ်ဆောင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သပိတ်မှောက်ကံများကို ကျူးလွန်ခဲ့သည့် သပိတ်မှောက်ထိုက်သည့် ပုဂ္ဂိုလ်များဖြစ် ကြောင်း ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

စစ်ကောင်စီတပ်အနေဖြင့် ဘာသာရေးကိုအသုံးချပြီး လူထုကိုစည်းရုံးနေသော်လည်း ဘာသာရေး ခေါင်းဆောင်များကို ဖမ်းဆီးသတ်ဖြတ်မှုများနှင့် ဘာသာရေးအဆာက်အအုံများကို ဖျက်ဆီးနေမှုများတွင် ဗုဒ္ဓဘာသာတခုတည်း မဟုတ်။

အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်(ICJ) ၏ ၂၀၂၃ ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်မှ မီးရှို့ခြင်း၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဘုရား၊ စေတီများအပါအဝင် ပျက်စီးခဲ့ရသည့် ဘာသာရေးအဆောက်အအုံပေါင်း ၁၉၀ နှင့် ဝင်ရောက်စီးနင်းခံခဲ့ရသည့် သာသနိကအဆောက်အအုံပေါင်း ၆၄ နေရာအထိရှိခဲ့သည်။

ယင်းအစီရင်ခံစာသည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ဧပြီ ၃၀ ရက်နေ့အထိ တွက်ချက်ဖော်ပြထားခြင်းဖြစ်ပြီး ဘုရား၊ စေတီ ဘာသာရေးအဆောက်အအုံများပျက်စီးမှုတွင် ဗုဒ္ဓဘာသာ ၉၄ ခု၊ ခရစ်ယာန်ဘာသာ ၈၇ ခု၊ အစ္စလာမ်ဘာသာ ၆ ခုနှင့် အခြားကိုးကွယ်မှု ၃ ခု တို့ပါဝင်သည်။

အလားတူ ဝင်ရောက်စီးနင်းခံခဲ့ရသည့် သာသနိကအဆောက်အအုံနေရာ ၆၄ ခုတွင် ဗုဒ္ဓဘာသာ ၄၃ နေရာ၊ ခရစ်ယာန်ဘာသာ ၁၅ နေရာ၊ အစ္စလာမ်ဘာသာ ၅ နေရာနှင့် ဟိန္ဒူဘာသာ ၁ နေရာတို့ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း မှအစ လက်ရှိစစ်ခေါင်းဆာင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထိ အာဏာရှင်အဆက်ဆက်သည် အကြီးဆုံးဘုရား၊ အမြင့်ဆုံးစေတီများ အပြိုင်အဆိုင်တည်ခြင်း၊ ဆင်ဖြူတော်ပေါ်ထွန်းခြင်းများဖြင့် ခုတုံးလုပ်၍  သာသနာပြုမင်းများအဖြစ် ၎င်းတို့ကိုရှုမြင်စေကြရန်လည်း လုပ်ဆောင်နေသည်။

မူလကပင် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နေသောစစ်တပ်အဖြစ် ပုံဖော်နေသည့် စစ်ကောင်စီတပ်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ၎င်းတို့၏ ဝါဒဖြန့်ယန္တရားများအဖြစ် ရှုမြင်ထားကြသည်။ 

“ ဘာသာတို့၊ မျိုးတို့ဆိုတာ သည်းခြေကြိုက်တွေ။ လူတွေရဲ့ ဥပါဒါန်မှာအစွဲအဖြစ်ဆုံး အရာတွေပေါ့။ လူတွေရဲ့အမြင်မှာ ငါတို့ကိုးကွယ်တဲ့ဘုန်းကြီးတွေကို သူတို့က စောင့်ရှောက်တယ်။ တို့သာသနာကို စောင့်ရှောက်တယ်။ ဒီအမြင်တွေဖြစ်အောင် ဘုရားတွေတည်ပြ၊ ကျောင်းတွေဆောက်ပြ၊ ခုနလို ဘုန်းကြီးတွေကို ဆေးကုပြ။ တကယ်တမ်းတော့ ဒါတွေက ရင်ထဲကလာတာ မဟုတ်ဘူး၊ အသုံးချချင်ရုံသပ်သပ် လုပ်နေကြတာ “  ဟု ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က ဆိုသည်။

ရွှေကျင်ဂိုဏ်းကြီး၏ ဗဟိုအလုပ်အမှုဆောင်ဆရာတော်၊ ဝင်းနိမ္မိတာရုံကျောင်း ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရမှုတွင်ပါဝင်ခဲ့သည့် ကံသုံးဆင့်ပရိယတ္တိစာသင်တိုက် ဆရာတော်မှ ဇွန်လ ၂၀ ရက်ညပိုင်းတွင် ၎င်းကြုံတွေ့ခဲ့ရသောဖြစ်စဉ်အား ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သား သံဃာတော်များထံ ပြန်လည် ရှင်းပြခဲ့သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အသက်ရှင်ကျန်ခဲ့သည့် ကံသုံးဆင့်ဆရာတော်အား စစ်ကောင်စီတပ်သားများက  ဆေးကုသခွင့်နှင့် ဆွမ်းဘုန်းခွင့် မပေးသလို ကိုင်ဆောင်သည့်ဖုန်းကိုလည်း သိမ်းဆည်းသွားသည်ဟု ဆရာတော်က ရှင်းပြသည်။ 

ထို့အပြင် အခင်းဖြစ်နေရာတွင် ညနေ ၅ နာရီခန့်အထိ  ဆေးကုသခွင့်မပေးဘဲ ထားရှိကြောင်း၊ ထို့နောက် တံတားဦးဆေးရုံသို့ ခေါ်ဆောင်သွားကာ ၄ ကြိမ်ခန့် စစ်ဆေးခံခဲ့ရကြောင်းနှင့် ထိုမှတဆင့် စစ်တိုင်းမှူးက မေးမြန်းလိုသည်ဟုဆိုကာ မန္တလေးလပခစစ်ကြောရေးသို့ ခေါ်ဆောင်၍ ၅ ကြိမ် ထပ်မံစစ်ဆေးခံခဲ့ရကြောင်း ဆရာတော်က မိန့်သည်။

ယင်းနောက် ည ၁၀ နာရီခွဲမှသာ စည်ရှင်ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်ကို ပြန်လည်ကြွခဲ့ရပြီး နောက်နေ့ မနက် ၄ နာရီခန့်မှသာ အာရုံဆွမ်းဘုန်းပေးခဲ့ရကြောင်း ဆရာတော်က ရှင်းပြမိန့်ကြားသည်။

ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်ဆရာတော်ကြီး ၁ ပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူနေချိန်၊ ကျန် ၁ ပါးကို နာရီပေါင်းများစွာ စစ်ကြောရေးလုပ်ဆောင်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတပ်၏ လုပ်ရပ်သည် ဘာသာ၊ သာသနာနှင့် သံဃာထုအပေါ် မည်သို့သဘောထားသည်ကို ထင်ရှားစွာတွေ့မြင်ရမည်ဖြစ်သည်။ 

#မြေလတ်အသံ

#ဆောင်းပါး #စစ်တပ် #ဘုန်းကြီး #သံဃာတော် #သာသနိကအဆောက်အအုံ #သတ်ဖြတ် #ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10