စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ်    ■တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ

စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ် ■တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ

 

ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်းမြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်စွဲအထိုင်ချထားတဲ့ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ရွာနဲ့ ဝေါမြို့နယ်၊ သူရဲသမိန်ရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီတပ်ကမြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ်ထားတယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

PDF တွေစစ်တောင်းမြစ်ကိုကျော်ပြီး တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီအဖွဲ့တွေဟာ စစ်တောင်းမြစ်အတွင်း အရပ်ဝတ်တွေနဲ့ဒေသခံ ရေလုပ်သားပုံစံယူကာ သတင်းစုံစမ်းတာတွေရှိနေသလို လှေဝင်၊လှေထွက်တွေကိုလည်း စစ်ဆေးမှုတင်းကျပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းတို့တပ်စွဲထားတဲ့ရွာတွေမှာ တိုက်ပွဲဖြစ်လာနိုင်လို့ တိမ်းရှောင်ကြဖို့ စစ်ကောင်စီတပ်ကပြောဆိုတာကြောင့် ဒေသခံ ၁,၀၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

" ကွင်းဆိပ်ရယ်၊ သူရဲသမိန်မှာ လူတွေသိပ်မရှိတော့ဘူး ရွာသားတွေထွက်ပြေးကုန်ပြီ။ ကွင်းဆိပ်ဆိုတရွာလုံးနီးပါးမရှိတော့ဘူး။ PDF တွေဝင်တိုက်တော့မယ်ဆိုပြီး စစ်တပ်ကရွာသားတွေကို ရှောင်ခိုင်းတယ်။  ခုသူရဲသမိန်မှာ လက်နက်ကြီးတွေလည်းဆင်ထားတယ်။ သူရဲသမိန်မှာလည်း ရွာသားကသုံးပုံတပုံလောက်ပဲ ရှိတော့တယ်"လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းကစပြီး အဆိုပါကျေးရွာ ၂ ရွာမှာ စစ်ကောင်စီအဖွဲ့တွေ အင်အားတိုးချလာပြီးနောက် အထက်ပါအတိုင်းပြောဆိုခဲ့လို့ ဒေသခံတွေကကြောက်လန့်ပြီး အောက်တိုဘာ ၅ ရက် လောက်ကစကာ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။

ကွင်းဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ကျော်ရှိနေပြီး သူရဲသမိန်မှာတော့ ရဲ၊ ပျူစောထီးနဲ့ စစ်တပ်အင်အား ၇၀ ကျော်ရှိနေသလို သူရဲသမိန်မှာတော့ လက်နက်ကြီးတွေအများအပြား တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ကွင်းဆိပ်ကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်၊ သူရဲသမိန်ကျေးရွာက အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေက နီးစပ်ရာကျေးရွာတွေက ဥယျာဥ်ခြံတွေနဲ့ ရွှေကျင်မြို့ပေါ်၊ ဝေါမြို့ပေါ်တွေကို တိမ်းရှောင်နေကြကာ နေအိမ်စောင့်အချို့လောက်သာ ကျန်ရစ်တယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သားတွေ စစ်တောင်းမြစ်အတွင်း ကင်းလှည့်နေစဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး  #ဝေါ #စစ်တောင်းမြစ် #စစ်‌ဆေး #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10