စစ်တပ်ဝန်းရံပိတ်ဆို့ထားတဲ့နေရာအနီးက ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ မြို့ခံတွေဝေဖန်

စစ်တပ်ဝန်းရံပိတ်ဆို့ထားတဲ့နေရာအနီးက ကားပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ မြို့ခံတွေဝေဖန်

မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေဝန်းရံပိတ်ဆို့ထားတဲ့ နေရာအနီးက ကားပစ္စည်းဆိုင်ကို လူစည်ကားရာ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ဓါးပြတိုက်ခံခဲ့ရပြီး ဒီအပေါ်မှာမြို့ခံတွေကလည်း ဝေဖန်မှုတွေရှိနေပါတယ်။ 

မနေ့ကနေ့လယ် ၁၂ နာရီလောက်မှာ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံရပ်ကွက် ၂၈ လမ်း၊ ၈၁ လမ်းနဲ့ ၈၂ လမ်းကြားက ‘ကိုလေး’ ကားပစ္စည်းဆိုင်ကို Mask တပ်၊ လည်ကတုံးအင်္ကျီတွေဝတ်ထားတဲ့ အမျိုးသား ၃ ဦးက မုန့်ဟင်းခါးလာပို့တယ်ဆိုကာ ချိုင့်လှယ်နေချိန် အိမ်ရှင်အမျိုးသမီးကို ဓားထောက်ပြီး လုယက်သွားတာလို့ မြို့ခံတွေက ပြောပါတယ်။

"အိမ်ရှင်ရဲ့သားက မြင်ပြီးအော်တဲ့အချိန်မှာ ထွက်ပြေးသွားတာ။ ဖြစ်တဲ့နေရာက အမှတ် ၈ ရဲစခန်းနဲ့ နီးတယ်။ ပြီးတော့ မီးထွန်းပွဲကြောင့် ကျုံးဘေးပတ်လည် ၂၈ လမ်းထောင့်တွေအထိ စစ်သား၊ ရဲ၊ ပျူစောထီးတွေ အင်အားချထားတဲ့အချိန် အချိန်ကိုက်ကိုလုပ်သွားတာ"လို့ မြို့ခံ ၁ ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ လုံခြုံရေးအပြည့်အဝယူထားတဲ့ လမ်း ၈၀ နဲ့ ၂၇လမ်း၊ ၂၈ လမ်းနဲ့ ၂၆ လမ်း၊ အင်းဝဘဏ်နဲ့ အမှတ် ၈ ရဲစခန်းအနီးမှာရှိပြီး စစ်ကောင်စီအင်အားက ရာနဲ့ချီရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဆိုင်ကိုလာဖို့ဆိုရင် ၂၆ လမ်းစစ်တပ်ကင်းနဲ့ ကျုံးဘေးလုံခြုံအတွက် စစ်ဆေးနေတဲ့ စစ်တပ်ကင်းတွေကို ဖြတ်ကျော်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီဓါးပြတိုက်လုယက်မှုကြောင့် ရွှေ ၄ ကျပ်သားနဲ့ ငွေသား ၃ သိန်း ဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်ရှိ ဦးရဲလင်းရွှေရဲ့ နေအိမ်ကို ချမ်းမြသာစည်မြို့နယ်က စစ်တပ်လက်အောက်ခံ ပျူစောထီး ဇွဲထက် (ခ) ဇောင်းထက် ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်လုယက်ခဲ့တဲ့အတွက် ရဲကဖမ်းဆီးချိန်မှာလည်း ပေါက်ကိုယ်တော်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက လွှတ်ပေးဖို့ပြောဆိုခဲ့ကြပါသေးတယ်။ 

ပုံစာ - ဓားထောက်လုယက်ခံရပြီးနောက် ‘ကိုလေး’ ကားပစ္စည်းဆိုင်အား တွေ့ရစဉ်။ (ဓါတ်ပုံ - PAN)

#မြေလတ်အသံ

#မန္တလေး #ဓါးပြတိုက် #စစ်ကောင်စီ #ပိတ်ဆို့ကင်းချ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10